နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၉၄ ရာခိုင်နှုန်း အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့
ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ၂၀၂၃ ခုနှစ် လုပ်ငန်း စီမံချက်၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို ပြန်လည်သုံးသပ်ပါက ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းကဏ္ဍ(၄)ရပ်ရှိ မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍပါ လုပ်ငန်းစဉ်များအား ၉၄ ရာခိုင်နှုန်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှုများကို ပြည်သူလူထုထံ ရောက်ရှိစေရန် မီဒီယာပိုင်းကို အလေးထားဆောင်ရွက်နိုင်ခဲ့ပြီး အသိပညာပေးမှုများ၊ တားဆီးပြန်လွှတ်မှုများကိုသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲဒုက္ခကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား စုံစမ်း ရှာဖွေကယ်တင်ပေးရန် သက်ဆိုင်ရာသံရုံးများ၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့အင်တာပို၏ National Central Bureau (NCB) လမ်းကြောင်းများမှ တစ်ဆင့် အကူအညီတောင်းခံလာမှုများကိုဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်း တို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တရားစွဲဆိုရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးမှုများအား စုံစမ်းဖော်ထုတ်စစ်ဆေးမှု၊ အမှုတည်ဆောက်မှု၊ တရားစွဲဆိုမှုများနှင့် ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များချမှတ်နိုင်ရေး တရားစွဲ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍတွင် လူကုန်ကူးခံရသူများကို ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်များ ရေးဆွဲပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ညွှန်းပို့ကူညီမှုများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်၌မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစသည့် လုပ်ငန်းကဏ္ဍကြီး(၄)ရပ်တွင် လုပ်ငန်းစဉ် ၆၂ ခုနှင့် လုပ်ငန်းဆောင်ရွက်ချက် ၁၆၉ ချက်ကို ထည့်သွင်းရေးဆွဲထားရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းလဲဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပုံစံအသစ်များ၊ လူကုန်ကူးမှုလမ်းကြောင်းများ၊ နည်းပညာကိုအသုံးပြု၍ ကျူးလွန်လာသည့် နည်းလမ်းများ ဖြေရှင်းဖော်ထုတ်နိုင်ရန် လူကုန်ကူးမှုတားဆီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအပြင် လူကုန်ကူးမှုများကို တိုက်ဖျက်နှိမ်နင်းမည့် နည်းလမ်းများပါဝင်သော လုပ်ငန်းဆောင်ရွက်ချက်အသစ်များ ရေးဆွဲထားရှိကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးသည်။
ဆွေးနွေးပြောကြား
ယင်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော် ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)၏ လုပ်နည်း/ လုပ်ဟန်သစ်များနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေသော စံနှုန်းများအပေါ် မူတည်၍ ရေးဆွဲထားသောကြောင့် စီမံချက်ပါလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်