နေပြည်တော် ဖေဖော်ဝါရီ ၁၉
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ မိုင်ဒါကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၌ ပြုလုပ်သည်။
ဦးစွာတောင်ငူမြို့မှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက ဗိုလ်မှူးဖိုးကွန်းလမ်းရှိ မင်းကြီးရုပ်တု၌ စုဝေးကြပြီး ကျင်းပမည့်နေရာသို့ ချီတက်ထောက်ခံကြသည်။ ချီတက်ရာလမ်း တစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံပွဲကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်