နေပြည်တော် ဖေဖော်ဝါရီ ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့က ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ အဆောက်အအုံအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းပြီးစီးပါက ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသမှုအပါအဝင် ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အချိန်မီပြီးစီးရေးဆောင်ရွက်ရေး၊ ဓာတ်ရောင်ခြည် လုံခြုံမှုအပါအဝင်အဆောက်အအုံ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ကောင်းမွန်ကြံ့ခိုင်ရေး၊ ဝန်ထမ်းများ အဆင်ပြေစွာသွားလာနေထိုင်နိုင်ရေး၊ ဓာတ်ရောင်ခြည်ကုသစက်နှင့် ဆေးရုံသုံးပစ္စည်းများ တပ်ဆင်ပြီးစီးရေးတို့ကိုလည်း တစ်ပြိုင်တည်းပြီးစီးအောင် စီစဉ်ဆောင်ရွက်ရန် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည် ကုသစက်လေးလုံးထားရှိရန် Bunker များ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲ အဆောက်အအုံများ၊ တည်ဆောက်ပြီးစီးသွားသော ငါးထပ်လူနာဆောင်တွင် ခွဲစိတ်ခန်းများ၊ လူနာဆောင်များနှင့်ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ တည်ဆောက်ပြီးစီးသွားသော အသုံးပြုပြီးဓာတ်ရောင်ခြည်သုံးပစ္စည်းများ သိုလှောင်ထားရှိမည့်မြေအောက် Bunker များကို လှည့်လည်ကြည့်ရှုပြီး ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အစီအစဉ်များနှင့် လိုအပ်ချက်များကို မှာကြားသည်။
အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၉၂၀၈ သန်း အသုံးပြုပြီး ကင်ဆာဓာတ်ရောင်ခြည်ကုသစက်လေးလုံး တပ်ဆင်၍ ကုသမှုပေးနိုင်ရန် ရည်ရွယ်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွင့်လှစ်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဌာနတည်ဆောက်ပြီးစီးပါက ကင်ဆာရောဂါလူနာများသည် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ် ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်