Skip to main content

အကျဉ်းသူများကို ဆဲဆိုခြင်း၊ အလုပ်ကြမ်းများခိုင်းခြင်းနှင့် ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်သည်ဟု မဟုတ်မမှန် လုပ်ကြံရေးသား

နေပြည်တော် ဖေဖော်ဝါရီ ၁၉

မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို ထောင်ဝန်ထမ်းများက ဆဲဆိုခြင်း၊ အလုပ်ကြမ်းများ ခိုင်းခြင်းနှင့်ခြိမ်းခြောက်ပြောဆိုခြင်းများ လုပ်ဆောင်ဟူသော ခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page မှ ဖေဖော်ဝါရီ ၁၁ ရက်က မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ပုံမှန်အားဖြင့် အကျဉ်းထောင် အုတ်ရိုးအတွင်းသို့ တာဝန်ထမ်းဆောင်လျက်ရှိသော အမျိုးသား၊ အမျိုးသမီးဝန်ထမ်းအားလုံးသည် တုတ်အပါအဝင် မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်ခြင်းမပြုဘဲလုံခြုံရေး၊ အုပ်ချုပ်ရေးကိစ္စများကို ဆောင်ရွက်ကြရသည်။ ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်သည့် တနင်္ဂနွေနေ့တွင် သာတုတ်၊ ဒိုင်းများ ကိုင်ဆောင်၍ လေ့ကျင့်ခြင်း ပြုလုပ်လေ့ရှိသည်။ အကျဉ်းသူအားလုံးကို သီးခြားခွဲခြားထားခြင်းမျိုးမရှိဘဲ တစ်ပြေးညီ စီမံအုပ်ချုပ်လျက်ရှိပြီး အိပ်ဆောင်၊ အိပ်ခန်းများတွင်လည်း တစ်ပြေးညီနေရာချထားခြင်း ဖြစ်သည်။

အကျဉ်းသူများအား အလုပ်ကြမ်းခိုင်းရန်အတွက် သတ်မှတ်ထားခြင်းမရှိဘဲ ၎င်းတို့အိပ်ဆောင်၊ အခန်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ၎င်းတို့ စားသုံးရန်ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း၊ ရေပိုက်မှ အဆောင်အတွင်းသိုပို့လွှတ်သော ရေသန့်အား ပုံးဖြင့်ခံ၍ ၎င်းတို့အခန်းအတွင်း သယ်ယူခြင်း၊ မီးဖိုကြီးမှပို့သည့် ထမင်းနှင့်ဟင်းများအား အမျိုးသမီးဆောင်အဝမှ ပေ ၄၀ ခန့်အကွာရှိ အိပ်ဆောင်သို့ သယ်ယူခြင်းကိုသာ ဆောင်ရွက်ရသည်။ ထိုသို့သယ်ယူရာတွင်လည်း ကိုယ်ခန္ဓာတောင့်တင်းသော ရာဇဝတ်အကျဉ်းသူများက အလှည့်ကျသယ်ယူသည်။ ပေါ့ပါးသော သန့်ရှင်းရေးလုပ်ငန်းများကို အခန်းအလိုက်အကျဉ်းသူအားလုံးမှ အလှည့်ကျဆောင်ရွက်ရသည်။ ထိုသို့ ဆောင်ရွက်ရသည့်အတွက် အကျဉ်းသူအားလုံးကို ဥပဒေပါအတိုင်း သာမန်လျှော့ရက်များ ခံစားခွင့်ပေးထားသည်။ အသက် ၅၀ နှစ်နှင့်အထက်ရှိသော မည်သည့်အကျဉ်းသူကိုမှ အလုပ်တာဝန် ပေးအပ်ထားခြင်းမရှိပါဟု မြင်းခြံဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ထို့အပြင် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူနှင့် ရာဇဝတ် အကျဉ်းသူဟူ၍ ခွဲခြားဆက်ဆံခြင်း မရှိဘဲအိပ်ဆောင်၊ အိပ်ခန်းများ၏ သန့်ရှင်းရေးလုပ်ငန်းများ၊ အိပ်ဆောင်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ပေ(၄၀ x ၂၀)အရွယ်ရှိ မုန်လာဥစိုက်ခင်းအား လိုအပ်သည့်အခါ ရေငုတ်မှလာသည့်ရေကို ပိုက်ဖြင့်သွယ်ယူ၍ ရေဖျန်းခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်ရပြီး အလုပ်ကြမ်းများလည်း ခိုင်းစေခြင်းမရှိပေ။

အကျဉ်းထောင်တွင် ရေသန့်စက်ရုံရှိပြီးရေသန့်အား RO စနစ်ဖြင့်ထုတ်လုပ်ကာ အကျဉ်းသား အကျဉ်းသူအားလုံးကို ဖြန့်ဝေသောက်သုံးစေလျက်ရှိသည်။ အုတ်ရိုးအတွင်းရှိ လေးလက်မ အဝီစိတွင်းနှစ်တွင်းမှ အကျဉ်းသားအကျဉ်းသူ အိပ်ဆောင်များသို့ ချိုးရေများလုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် အမျိုးသမီးအိပ်ဆောင်ဝန်းကျင်တွင်လည်း နှစ်လက်မ အဝီစိတွင်းနှစ်တွင်း ထပ်မံတူးဖော်၍ ချိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိသည်။

ရေသိုလှောင်ကန်များနှင့် ရေတွင်းများ၏ အခြေအနေနှင့် လက်ရှိအကျဉ်းသား အကျဉ်းသူဦးရေအရ တစ်ဦးလျှင် တစ်ကြိမ်၌ ပျမ်းမျှရေဂါလန် ၄၀ အသုံးပြုနိုင်ပြီး နေ့စဉ်နံနက်/ည နှစ်ကြိမ် ရေချိုးခွင့်ပြုပေးလျက်ရှိသည်။ လက်ရှိအချိန်အထိ အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူများတွင် ပွေး/ဝဲ/ ယားနာများ မရှိ ပါဟုလည်း မြင်းခြံဗဟိုအကျဉ်း ထောင်မှတာဝန်ရှိသူက ရှင်းလင်း ထားသည်။

အကျဉ်းထောင်အတွင်း ဈေးဘားအနေဖြင့် အကျဉ်းသား အကျဉ်းသူများ အပ်နှံထားသည့် ငွေစာရင်းမှ တစ်လလျှင်နှစ်ကြိမ် ၎င်းတို့မှာယူလိုသည့် ပစ္စည်းများကို ပင်ရင်းဆိုင်များ၌ ဝယ်ယူပြီး သယ်ယူစရိတ်ခုနှိမ်ကာ ပြင်ပဈေးနှုန်းထက်မကြီးစေဘဲ ဝယ်ယူပေးလျက်ရှိသည့်အပြင် အသားဟင်းအား တစ်ပတ်လျှင် လေးကြိမ်နှုန်းနှင့် ကျန်ရက်များ၌ အကျဉ်းထောင်၏ တောင်ယာမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ ပြင်ပမှဝယ်ယူရရှိသည့် ရာသီသီးနှံများအား ရောနှော၍ ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးလျက်ရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page တွင် ဖော်ပြမှုသည် ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေရန် အဖျက်အမှောင့် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ကြောင်း သိရသည်။

သတင်းစဉ်