Skip to main content

ပြည်ခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် စုစုပေါင်း ၉၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှု များနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်ဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြား သည်။

ဆက်လက်၍ ဘုရားဖူးအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကိုဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရသည်-

ကျွန်တော်က ဦးသန်းစိုးပါ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ဘုရားဖူးအဖွဲ့မှပါရှိတဲ့သူ ဖြစ်ပါတယ်။ ဒီကနေ့ကျွန်တော်တို့ဟာ ရှင်းလင်းဆောင်ကနေ နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ရှေ့မှာ ဖူးမြော်နေတာဖြစ်ပါတယ်။ ဒီလိုလာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် ကျွန်တော်တိုရဲ့ရင်ထဲခံစားမှုကတော့ ဝမ်းသာကြည်နူးမှုဖြစ်ပါတယ်။ စိတ်ချမ်းမြေ့သာယာပါတယ်။ သာသနာအဓွန့်ရှည်ရေးအတွက် စိတ်ထဲမှာအေးသွားပါတယ်။ သာသနာအတွက် ခိုင်မာအောင်၊ တည်မြဲအောင် နိုင်ငံခေါင်းဆောင်တွေက အခုလိုဆောင်ရွက်ထားတဲ့အတွက် အခုလိုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ကျွန်တော်တို့လို ကျန်တဲ့အငြိမ်းစားများ၊ လုပ်သားပြည်သူများကြီးငယ်မရွေး လာရောက်ဖူးမြော်စေလိုတဲ့အကြောင်း ဒီနေရာကနေ ဖိတ်ခေါ်ပြောကြားလိုပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့အကြောင်းတွေကို ကျွန်တော်တို့ကို သေသေချာချာ ဂဃနဏ ရှင်းပြလိုက်တဲ့အခါမှာ ဘုရားကြီးကိုကြည်ညိုသဒ္ဓါစိတ် အလွန်ကိုပွားများရပါတယ်။ ဒါ့အပြင် ဒီဘုရားကြီးမှာ ထုဆစ်ထားတာတွေရယ် ဒီဘုရားကြီးအဆင့်ဆင့် ပြုလုပ်ပုံတွေ ဟာဆိုရင် တကယ်တမ်း လေ့လာကြည့်တဲ့အခါမှာ တော်တော်ကို ထူးထူးခြားခြားလေး စိတ်ဝင်စားစရာကောင်းတယ်ဆိုတာ ဒီမှာပိုပြီးတော့ သိလာရပါတယ်။ ဘုရားကို ရောက်တဲ့အခါမှာလည်း ကျွန်တော်တို့ ဆက်လက်ပြီးတော့ လေ့လာတဲ့အခါမှာလည်း ကျောက်စာတွေဟာဆိုရင်လည်း ရှေးခေတ်ကျောက်စာတွေကို ဖော်ဆောင်ထားတယ်ဆိုတာကို လေ့လာခဲ့ရပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော့်အနေနဲ့ ဒီဘုရားကိုလာရောက်ပြီးတော့ ပို့ဆောင်ပေးတဲ့ ကျွန်တော်တို့ရဲ့ ပြည်ခရိုင်မှာရှိကြတဲ့ ဝန်ထမ်းအကြီးအကဲတွေရော၊ ဧည့်ခန်းဆောင်မှာ သေချာစေတနာရှေ့ထားပြီးတော့ ရှင်းလင်းပြသပေးတဲ့ ပုဂ္ဂိုလ်များရော၊ ဘုရားမှာ လာရောက်ပြီးတော့ တွေ့ဆုံမေးမြန်းပေးတဲ့သူတွေကိုလည်း ကျွန်တော်အနေနဲ့ အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။

ကျွန်မကပြည်မြို့ကနေ လာရောက်ဖူးမြော်တာပါ။ ကျွန်မဒီဘုရားကြီးကို အနေကဇာတင် ကတည်းကတီဗွီမှာ မြင်လိုက်ကတည်းက ဖူးမြော်ချင်နေတာပါ။ ဒီနေ့အထမြောက်သွားတဲ့ အတွက်ကြောင့် ကျွန်မဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးကိုတည်ထားပေးတဲ့ ဘုရားတကာနဲ့ တာဝန်ရှိသူတွေအားလုံးက ဂေါပကလူကြီးတွေကပါ ထိန်းသိမ်းရှောက်စောင့်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက်ကြောင့် အလွန်ကို ပီတိဖြစ်ရပါတယ်။ ဒီဘုရားကြီးကကမ္ဘာမှာ အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်တယ်ဆိုတာကို ဂေါပကလူကြီးတွေ ရှင်းပြလိုက်တဲ့အတွက်ကြောင့် ကျွန်မသိရပါတယ်။ အဲဒီအတွက်လည်း ကျွန်မဒီဘုရားကြီးကို ဖူးမြင်ရတဲ့အခါမှာလည်း ကျွန်မအလွန် ပီတိဖြစ်ဝမ်းသာဂုဏ်မိပါတယ်။

သတင်းစဉ်