Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၉

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အုပ်စုဖွဲ့၍စကားဝိုင်းဆွေးနွေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများမှ အလုပ်သမားရေးရာ ရပိုင်ခွင့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ CMP လုပ်ငန်း ဆောင်ရွက်မှုများ၊ မိတ်ဖက် ဦးစီးဌာနများမှ စစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများအပြင် သင်တန်းသားများကို အုပ်စုဖွဲ့၍ဥပဒေဆိုင်ရာ Presentation ပြုလုပ်ခြင်းနှင့် သင်တန်းသားများအား အုပ်စုဖွဲ့၍ ဥပဒေဆိုင်ရာ စကားဝိုင်းဆွေးနွေးခြင်း (Panel Discussion) စသည်တို့ကို ထည့်သွင်းရေးဆွဲထားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများသို့ လက်တွေ့ကွင်းဆင်းစစ်ဆေးခြင်း အစီအစဉ်များ ထည့်သွင်းထားကြောင်း။

ဥပဒေ၊ နည်းဥပဒေလေ့လာ

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် (Institutional Capacity)၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် (Individual Capacity)ကို တည်ဆောက်နေရဆဲကာလဖြစ်သည်နှင့်အညီ ဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ အထူးပြုသည့် မွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချသည့် အကြောင်းအရာများကို လေ့လာမှတ်သားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးချသွားရန်နှင့် ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်နေသည့် အလုပ်သမားဥပဒေ၊ နည်းဥပဒေများကိုလည်း လေ့လာကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သင်တန်းအထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

သင်တန်းကာလခုနစ်ရက်

သင်တန်းသို့ စစ်ဆေးရေးတာဝန်ထမ်းဆောင်နေသည့် အရာထမ်း ၃၅ ဦး In House Training System ဖြင့် တက်ရောက်ကြပြီး သင်တန်းကာလ ခုနစ်ရက်အတွင်း အလုပ်သမားဥပဒေ စစ်ဆေးရေးနည်းလမ်းများနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ ဦးစီးဌာနမှစစ်ဆေးစည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများပါ ရပိုင်ခွင့်ကိစ္စရပ်များ၊ တရားစွဲဆို အရေးယူဆောင်ရွက်မှုများ၊ အခွန်အမှုဖြေရှင်းဆောင်ရွက်မှုများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်