နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ ဒုတိယဥက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ-၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကဏ္ဍအလိုက်ဆွေးနွေးပေး
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသအတွင်း hotspot အရေအတွက်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးမီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်(၅)ချက်အပေါ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် တောမီးလောင်ကျွမ်းမှု ကာကွယ်ရေး၊ တောမီးငြှိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရေး၊ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန်ကဏ္ဍအလိုက် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
စီမံကိန်းများချမှတ်ဆောင်ရွက်
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နှစ်စဉ်တောမီးလောင်ကျွမ်းမှုကြောင့် စိုက်ပျိုးသီးနှံနှင့် မြေဆီလွှာပျက်စီးမှု အခြေအနေများ၊ တောမီးလောင်ကျွမ်းမှုကို အဓိကဖြစ်ပေါ်စေသော ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်တွေ့အသုံးချဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်ရှိ တောင်သူများ အသိပညာပေးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအသုံးပြု၍ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝဓာတ်ငွေ့စသည်ဖြင့် ပြန်လည်အသုံးချနိုင်ရေးအတွက် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ အကူအညီပေးရေး၊ နယ်စပ်ဒေသနေပြည်သူများ၏ ယာမီးရှို့မှုစနစ် ပပျောက်စေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စီမံကိန်းများချမှတ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တောမီးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်ရန်နှင့် လျော့နည်းသက်သာစေရန် အစီအမံများရေးဆွဲသွားရေးနှင့် ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများ၊ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှုတင်ပြ
ဆက်လက်၍ ကော်မတီအတွင်းရေးမှူးက လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရနှစ်ခုအကြား တောမီးလောင်ကျွမ်းမှုကာကွယ်ရေးနှင့် ငြှိမ်းသတ်ရေးဆိုင်ရာ လုပ်ငန်းအဆင့် အွန်လိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးဆုံးဖြတ်
အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန်နှင့် Contact Person ထားရှိရန်၊ မီးဘေး အန္တရာယ်ကာကွယ်ခြင်းနှင့်ပတ်သက်သည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများအား ပူးပေါင်းဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပြင်ဆင်ဖြည့်စွက်ရန်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
