နေပြည်တော် ဖေဖော်ဝါရီ ၁၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Uladzimir Baravikou အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကျရောက်မည့် မြန်မာ - ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု ထူထောင်သည့်(၂၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြှင့်တင်သွားရေး၊ မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမိုပေးအပ်သွား ရေးအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းအသိပေးခဲ့သည်။
သတင်းစဉ်
