Skip to main content

ပို့ကုန်ရငွေအသုံးပြုခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုနေပြီး မှန်ကန်တိကျမှုမရှိသောသတင်းအမှားများကို ဖြန့်ဝေဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးယူမည်

ရန်ကုန် ဖေဖော်ဝါရီ ၁၉

ပို့ကုန်ရငွေအသုံးပြုခွင့်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုနေကြောင်းနှင့် မှန်ကန်တိကျမှုမရှိသော သတင်းအမှားများကို ဖြန့်ဝေဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းမီဒီယာတစ်ခုတွင် ဗဟိုဘဏ်က ပို့ကုန်ရငွေနှင့်ပတ်သက်ပြီး ပြန်လည်တင်းကျပ်မှုအဖြစ် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမည်ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကိုသာ ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရှိတော့မည်ဆိုသည့် သတင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ ကျဆင်းသွားသည်ဆိုသော သတင်းအမှားတစ်ခု လွှင့်တင်ထားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ တင်ပို့ခြင်းမှရရှိသော ပို့ကုန်ရငွေ အသုံးပြုခွင့်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၆-၁၂-၂၀၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ ဖြင့် ထုတ်ပြန်ထားရာ အဆိုပါအမိန့်ကြော်ငြာစာတွင် ပို့ကုန်ရငွေပမာဏ၏ ၅ဝ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂ /၂၀၂၂) ပါသတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ရည်ညွှန်းဈေးဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို နေ့စဉ် Online ငွေလဲနှုန်းဖြင့် လဲလှယ်အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး အဆိုပါသတ်မှတ်ချက်အတိုင်း လက်ရှိတွင် ပြောင်းလဲခြင်းမရှိ ခွင့်ပြုဆောင်ရွက်ပေးနေကြောင်းလည်း ဖော်ပြထားသည်။

အထက်ပါ သတင်းမီဒီယာတွင်ဖော်ပြချက်သည် လက်ရှိကျင့်သုံးနေသည့် မူဝါဒကိုပြောင်းပြန်လှန်ပြီး မဟုတ်မမှန်ပြောကြားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပဲမျိုးစုံ၊ နှမ်းအစရှိသည့် လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်နှင့်ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအပါအဝင် ပို့ကုန်လုပ်ငန်းစဉ်တွင် ပါဝင်သူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ၆-၁၂-၂၀၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၂၆/၂၀၂၃ အတိုင်းသာ ဆောင်ရွက်နေကြောင်းနှင့် သတင်းအမှန်ကိုသိရှိပြီး ပို့ကုန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး အသိပေးလိုက်ကြောင်း စာတွင်ဖော်ပြထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းကမောက်ကမဖြစ်စေပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မှန်ကန်တိကျမှုမရှိသော သတင်းအမှားများကို ဖြန့်ဝေဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထက်ဦးမောင်