Skip to main content

မိုးမိတ်မြို့ကို တပ်မတော်ကပြန်လည် တိုက်ခိုက်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ ၁၉ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ရှိ လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုးမိတ်မြို့ပေါ်တွင် ပြည်သူ ၁၀၂ ဦးထက်မနည်းကို သတ်ဖြတ်သွားခဲ့ကြောင်းနှင့် အသက်မပြည့်သေးသော မိန်းကလေး ၃ ဦးအပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပါသည်။

အဆိုပါ မိုးမိတ်မြို့ကို ကောလင်းမြို့ကဲ့သို့ တိုက်ခိုက်ဖျက်ဆီးရန်အတွက်   KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများအတွင်း ခံစစ်ဆင်၍ တပ်မတော်စစ်ကြောင်းများကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူတိုက်ခိုက်ခြင်းများအပြင် အများပြည်သူ အသုံးပြုသည့်လမ်းများကို မိုင်းထောင်ထားခြင်းများကြောင့် တပ်မတော်မှ ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း အကြမ်းဖက်သမားများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည့်အတွက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိုးမိတ်မြို့အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်များမီးလောင် ပျက်စီးခဲ့ရကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

ထိုသို့ တပ်မတော်မှစနစ်တကျ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများဖြင့် တပ်မတော်အပေါ် ပြည်သူများအား အထင်အမြင်လွဲမှားစေရန်နှင့် တပ်မတော် ဂုဏ်သိက္ခာကျဆင်းစေရန်တို့အတွက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။