Skip to main content

အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်ဟူသည့် မြန်မာ့ရိုးရာအစားအစာ လက်ဖက်လုပ်ငန်း

မြန်မာလူမျိုးများသည် အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်ဟူ၍ အာဟာရဝတ္ထုသုံးမျိုးအကြောင်း ပြောလေ့ပြောထရှိသည့်အားလျော်စွာ လက်ဖက်သည် မြန်မာ့ရိုးရာယဉ်ကျေးမှု တွင် မရှိမဖြစ်၊ မပါမပြီး အရေးပါအရာရောက်ပေသည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက်ဟူ၍ နှစ်မျိုးစလုံးကို သုံးစွဲကြသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော မြန်မာ့ရိုးရာခဲဖွယ်တစ်ခုဖြစ်ပေသည်။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပွဲ၊ နတ်ပွဲများတွင် လက်ဖက်မပါလျှင် မပြီးသကဲ့သို့ မြန်မာ့ရိုးရာအလိုက် ထိမ်းမြားမင်္ဂလာပွဲများဖိတ်ကြားရာဝယ် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ရှိကြသည်။

မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့၊ အနယ်နယ် အရပ်ရပ်၊ ကျေးလက်ဒေသ အသီးသီးတို့တွင် နေထိုင်ကြသူအားလုံးတို့သည် တစ်မူထူးခြားပြီး အဆင့်အတန်းမီသည့် မြန်မာ့ရိုးရာအစားအစာများကို ယခုတိုင် စွဲစွဲမြဲမြဲသုံးစွဲနေကြပေသည်။ မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် လက်ဖက်လုပ်ငန်း အမြောက်အမြားရှိသည့်အနက် မျိုးမျိုးကျော် လက်ဖက်နှပ်လုပ်ငန်းသည် သဘာဝကုန်ကြမ်းစစ်စစ်နှင့် သန့်စင်သောပဲဆီသန့်ကို အဓိက အသုံးပြုထုတ်လုပ်ထားသော ဈေးကွက်ဝင်ပြီး လူကြိုက်များသည့် ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်သည့် နေပြည်တော် တပ်ကုန်းမြို့နယ်မှ မျိုးမျိုးကျော်လက်ဖက်လုပ်ငန်းပိုင်ရှင် ဒေါ်မျိုးမျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်မျှဝေရေးသား လိုက်ရပါသည် -

မေး။ ။ လုပ်ငန်း စတင်တည်ထောင်ခဲ့ပုံကို သိပါရစေ။

ဖြေ။ ။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ လုပ်ငန်းစတင်တာဖြစ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းဆိုတာ မရှိမဖြစ်၊ မစားမဖြစ် အရေးကြီးတဲ့အလုပ်ဖြစ်လို့ စားသောက်ကုန်လုပ်ငန်းကို စိတ်ဝင်စားသွားတယ်။ ကိုယ်လုပ်တတ်တဲ့ စားသောက်ကုန်တွေကို စဉ်းစားခဲ့တယ်။ နောက်တော့ ပုံးရည်ကြီး လုပ်ရောင်းတယ်။ လက်ဖက်နှပ် လုပ်ရောင်းတယ်။ ပုံးရည်ကြီးက ဒီဘက်အရပ်က သိပ်မစားကြဘူး။ လက်ဖက်နှပ်က ပိုပြီးရောင်းရတယ်။ ကျွန်မတို့ရဲ့ လက်ဖက်နှပ်တဲ့အရသာကို စားသုံးသူတွေ ပိုပြီး ကြိုက်ကြတယ်။ စားသုံးသူ လက်ခံတာမို့ လက်ရှိအချိန်အထိ မျိုးမျိုးကျော် လက်ဖက်နှပ်ရယ်ဆို ပြီး ရပ်တည်ရောင်းချနေရခြင်း ဖြစ်ပါတယ်။

မေး။ ။ လုပ်ငန်းအတွက် ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက ရပါသလဲ။

ဖြေ။ ။ ကုန်ကြမ်းကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့က အဓိကမှာယူပါတယ်။ ကျွန်မတို့က လက်ဖက်ကို တစ်နေရာက မရရင် တစ်နေရာကနေ မှာလို့ရအောင် လက်ဖက်ကုန်ကြမ်းရတဲ့ နေရာတွေကို စုံစမ်းထားတယ်။ နေရာစုံချိတ်ဆက်ထားတယ်ပဲ ပြောရမယ်။ ကိုယ့်လက်ထဲမှာ ကုန်ကြမ်းအပြတ်မခံဘူး။ အဓိကကတော့ ကျွန်မတို့ရဲ့လက်ဖက်နှပ်က အရသာလည်း ကောင်းရမယ် လက်ဖက်ညွန့်လည်း လှမှဖြစ်မှာလေ။ ဒါကြောင့် လက်ဖက်ရဲ့အရည်အသွေးကို ကျွန်မက ပိုပြီးတော့ ဂရုစိုက်ပါတယ်။

မေး။ ။ အမျိုးအစား ဘယ်နှမျိုး ထုတ်လုပ်သလဲ။

ဖြေ။ ။ လောလောဆယ်တော့ အညွန့်နှပ်နဲ့ အထောင်းနှပ်ဆိုပြီး နှစ်မျိုးထုတ်ပါတယ်။ ကုန်ပစ္စည်းကို တော့ အထုပ်အကြီးနဲ့ အထုပ်အသေး ခွဲထုပ်ပါတယ်။ အထုပ်အသေးကိုတော့ ငွေကျပ် ၃၀၀၊ အထုပ်အကြီးကိုတော့ ငွေကျပ် ၇၀၀ နဲ့ ရောင်းချပါတယ်။ ဘူးတွေနဲ့လည်း ထုပ်ပိုးရောင်းချပါတယ်။ ဘူးကို တော့ ငွေကျပ် ၁၈၀၀ နဲ့ရောင်းပါတယ်။ စားသုံးသူတွေကလည်း အထောင်းနှပ်ကြိုက်တဲ့သူရှိသလို အညွန့်နှပ်ကြိုက်တဲ့သူလည်း ရှိတယ်။ အရင်က တညင်းသီး လက်ဖက်နှပ်၊ ပဲမြစ်လက်ဖက်နှပ်တွေပါ ရောင်းချပါတယ်။ ဒါတွေကိုတော့ ရာသီပေါ်သီးတွေဖြစ်တဲ့အတွက် ပုံမှန်မလုပ် ဖြစ်ပါဘူး။ ကိုယ်က တစ်နိုင်တစ်ပိုင်လုပ်ငန်းလေးပဲဆိုတော့ အညွန့်နှပ်နဲ့ အထောင်းနှပ် ဒီနှစ်ခုကိုပဲ အဓိကထား ထုတ်လုပ်ပါတယ်။

မေး။ ။ ထုတ်ကုန်တွေကို ဘယ်ဒေသတွေမှာ ပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။

ဖြေ။ ။ ထုတ်ကုန်တွေကို အဓိကပို့တဲ့ နေရာကတော့ နေပြည်တော်တစ်ခွင်ပါပဲ။ ကုန်စုံဆိုင်တွေကို ကားနဲ့ လှည့်ပို့တယ်။ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ရန်ကုန်မြို့တွေကိုလည်း ပို့ရပါတယ်။ ပြီးတော့ အခြားမြို့တွေက မှာတာတွေလည်းရှိတယ်။ နေပြည်တော်အပြင် အခြားမြို့တွေကိုတော့ လိုင်းကားနဲ့ ပို့ဆောင်ပေးရတယ်။

မေး။ ။ ထုတ်ကုန်တွေ ထုပ်ပိုးတဲ့ အပိုင်းလေးကို သိပါရစေ။

ဖြေ။ ။ လက်ဖက်နှပ်ထုပ်တွေကို ပလတ်စတစ်အိတ်အကြည်ရောင်နဲ့ ထုပ်ပိုးပါတယ်။ ထုပ်ပိုးတဲ့နေရာမှာကုန်ပစ္စည်းတွေ မှိုမတက်အောင် လေစုပ်ပလတ်စတစ်အိတ်တွေကို သုံးပါတယ်။ ရိုးရိုးပလတ်စတစ်အိတ်တွေနဲ့ထုပ်ရင် ကြာကြာထားလို့မရဘူး။ ခဏလေးနဲ့ မှိုတက်တယ်။ လေစုပ်အိတ်တွေက ဈေးတော့ကြီးတယ်။ ဒါပေမဲ့ ကြာကြာထားလို့ရတယ်။ ပလတ်စတစ်အိတ် အကြည်ရောင်သုံးတာကတော့ လက်ဖက်ညွန့်နှပ်ရဲ့ လတ်ဆတ်တဲ့ပုံစံကို စားသုံးသူတွေ မြင်နိုင်အောင် ပြချင်လို့ပါ။ အထုပ်ရဲ့အပြင်ဘက်ကနေ ကြည့်လိုက်ရင် လက်ဖက်ညွန့်ကလည်း လတ်ဆတ်ပြီး ငရုတ်သီးအနီရောင်လေးတွေနဲ့ဆိုတော့ စားသုံးသူတွေရဲ့ စိတ်အာရုံကို နှိုးဆွသလို ဖြစ်စေပါတယ်။ ကြည့်လိုက်တာနဲ့တင် စားချင်စိတ်ပေါက်သွားအောင်ပါ။ ဘူးတွေကို ထုပ်ပိုးတဲ့နေရာမှာ အရင်က ပလတ်စတစ်အိတ်မခံဘဲနဲ့ ဒီအတိုင်းထည့်ရောင်းတယ်။ အဲဒီတော့ ဆီဖိတ်တာတွေ ရှိလာတယ်။ အခုတော့ ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး ဘူးထဲ ထည့်ရောင်းပါတယ်။ ကျွန်မက စားသုံးသူတွေ များများစားလို့ ရအောင်နဲ့ ကြာကြာစားသုံးလို့ရအောင်ဆိုတဲ့ စိတ်ကူးနဲ့ အဲဒီလိုထုပ်ပိုးရောင်းချ တာဖြစ်ပါတယ်။ ဘူးပါကင်ကိုတော့ မန္တလေးက မှာရပါတယ်။ ကုန်စုံဆိုင်ကြီး တွေက လက်ဖက်ဘူးတွေကို ပိုကြိုက်ကြတယ်။ နယ်ဝေးကို ပို့တဲ့အခါနဲ့ လက်ဆောင်ပေးတဲ့အခါ ဘူးတွေက ပိုပြီး လှတယ်လေ။

မေး။ ။ စားသုံးသူတွေ ဘေးကင်းအောင် ဘယ်လိုစီမံဆောင်ရွက်ထားသလဲ သိပါရစေ။

ဖြေ။ ။ ကျွန်မတို့က လက်ဖက်နှပ်တဲ့နေရာမှာ ဓာတုဆိုးဆေးတွေ၊ ကြာရှည်ခံဆေးတွေ မသုံးဘူး။ ဆီသန့် သုံးပြီး နှပ်ပါတယ်။ သံပရာသီးနဲ့ သဘာဝအတိုင်း ပြုလုပ်ထားပါတယ်။ ကိုယ့်ပစ္စည်းကြောင့် စားသုံးသူတွေကို ကျန်းမာရေး မထိခိုက်စေချင်ဘူး။ အဲဒါကြောင့်လည်း ကိုယ့်အိမ်မှာ လက်ဖက်နှပ်စားသလို ရောင်းချမယ့် ကုန်ပစ္စည်းတွေကိုလည်း အဲဒီလိုပဲ နှပ်ပါတယ်။ ဒီအပိုင်းမှာတော့ သေချာစီမံထားပါတယ်။ ထုပ်ပိုးတဲ့အပိုင်းမှာလည်း သန့်ရှင်းအောင် အဓိကဦးစားပေး လုပ်ဆောင်ထားပါတယ်။

မေး။ ။ ထုတ်ကုန်တွေကို ပြည်ပနိုင်ငံသို့ ပို့တာတွေ ရှိပါသလား။

ဖြေ။ ။ လောလောဆယ်တော့ ပြည်ပနိုင်ငံတွေကို တင်ပို့တာ မရှိသေးပါဘူး။ နောင်တော့ ဖြစ်လာမှာ ပါ။

မေး။ ။ စားသုံးသူ ပြည်သူတွေကို ဘာများပြောချင်တာရှိပါသလဲ။

ဖြေ။ ။ မျိုးမျိုးကျော် လက်ဖက်နှပ်လုပ်ငန်းက စားသောက်ကုန်လိုင်စင်ရှိတဲ့အတွက် စားသုံးသူတွေ အနေနဲ့ ကျန်းမာရေးအတွက် စိတ်ချယုံကြည်ပြီးတော့ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ပါတယ်။ ဝယ်ယူစားသုံးသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိ ပါတယ်။ မှာယူစားသုံးလိုပါက ဖုန်း၀၉-၂၅၀၇၉၈၂၂၃ ကို ဆက်သွယ်မှာယူနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီးတော့လည်း အရသာရော အရည်အသွေးပိုင်းမှာပါ ကောင်းမွန်အောင်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စီမံထုတ်လုပ်သွားမှာပါလို့ ပြောချင်ပါတယ်။ ။

တွေ့ဆုံမေးမြန်း - သန်းတင်အောင် (ကြေးမုံ)