Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများနှင့် မွေးမြူရေးသုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ မွေးမြူရေးတောင်သူများ၊ ဝန်ကြီးဌာနနှင့် စီပီကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော အဆင့်မြင်မွေးမြူရေးခြံ ရှစ်ခြံ၌ အသားတိုးဝက်အကောင် ၄၈၀၀ မွေးမြူထားရှိမှု၊ ဇီဝလုံခြုံ‌ရေး ဆောင်ရွက်ထားရှိမှု၊ ဝက်ချေးမှ ဘိုင်အိုဂက်(စ်)ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းသုံး လျှပ်စစ်ထုတ်လုပ်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှုအပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ချက်များ၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရန်နှင့် ရှိပြီးစျေးကွက် ခိုင်မာရေးကို ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များ၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် မွေးမြူရေးခြံအတွင်း နှစ်တို၊ နှစ်ရှည် စားပင်သီးပင်များ စိုက်ပျိုးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဇီဝလုံခြုံမှုအဆင့် (၂) ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၊ ခွာနာ လျှာနာဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးဆောင်ရွက်ခြင်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားပြီး မွေးမြူရေးသုတေသနဦးစီးဌာနက သုတေသနပြုမည့် ဒေသနွားမျိုးပြာစိမ်းကို အသားစားနွားမျိုးများဖြင့် မျိုးမြှင့်သားစပ်သုတေသနပြုဆောင်ရွက်နေမှုနှင့် ရွှေမြို့မွေးမြူရေးဇုန်၌ မြေသားရေလှောင်တမံ တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရေဆင်းငါးစခန်းသို့ ရောက်ရှိပြီး ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်း ငါးမျိုးများ ဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများအား ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် သင်တန်းပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အသားတိုးငါး၊ ငါးရှဉ့်နှင့် စားဖားမွေးမြူထားရှိမှု၊ ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်မွေးမြူထားရှိမှုတို့ကို ကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်