နေပြည်တော် ဖေဖော်ဝါရီ ၁၈
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ညောင်ဦးမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၇၁ ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ ၉၁ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၉၆ ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၁၂ ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ ၃၀၂ ဦး၊ အထွေထွေခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၅၂ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ ၆၄ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ ၉၉ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ ၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၁၄၆ ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ ၈၁ ဦး၊ မျက်စိရောဂါလူနာ ၁၆၄ ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ ၁၂၃ ဦး၊ သားဖွားမီးယပ်ရောဂါ လူနာ ၁၄ ဦး၊ အရေပြားရောဂါလူနာ ၁၆ ဦး၊ သွားနှင့်ခံတွင်းရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျန်းမာရေးလူနာ ရှစ်ဦး စုစုပေါင်းဒေသခံပြည်သူ ၁၃၇၇ ဦးကို ကြည့်ရှုကုသပေးခဲ့သည်။
အဆိုပါ အထူးကု ဆေးကုသရေးအစီအစဉ်တွင် ညောင်ဦးမြို့ပေါ်သာမက မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocard-iography) ၅၀၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) ၁၁ ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၁၇ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၈၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၂၄၂ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၃၁၂ ဦး၊ Ultra-sound ရိုက်ကူးခြင်း ၁၁၇ ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၃၆၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၂၁ ဦး တို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ တစ်ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ နှစ်ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ တစ်ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ ငါးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ခြောက်ဦး စုစုပေါင်းလူနာ ၁၅ ဦးကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကုသပေးနေမှုကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်းကောင်း လာရောက်ကြည့်ရှုအားပေးကြပြီး ကုသမှုခံယူကြသော လူနာများကို အားပေးစကား ပြောကြားကာ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ၊ ဆေးဝါးပစ္စည်းများနှင့် အာဟာရအစားအသောက်များ ပေးအပ်လှူဒါန်းကြသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ရှစ်ကြိမ် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်