မန္တလေး ဖေဖော်ဝါရီ ၁၈
မန္တလေးဆေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆေးပညာအခြေခံနှစ် (FoundationYear) (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မန်းရတနာပုံခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းနှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆေးတက္ကသိုလ် စီနီယာကျောင်းသားတစ်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားကာ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာ သီချင်းအကအလှနှင့် တိုင်းရင်းသားရိုးရာ အကအလှများ၊ King and Queen Suit Performance ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းဌေးနှင့် ဦးရွှေဇင်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀သိန်းကို မန္တလေးဆေးတက္ကသိုလ် ပါမောက္ခနှင့် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား ကျောင်းသူများအား ပေးအပ်ချီးမြှင့်ကာ မောင်မယ်သစ်လွင်များကို ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်