နေပြည်တော် ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် Medical Skill, Simulation and Research Center (MSSRC) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ယခုညီလာခံကို သွေးတိုးရောဂါကာကွယ်မည့်နည်းလမ်းများနှင့် ရောဂါရှာဖွေခြင်းများ၊ ပညာပေးအစီအစဉ်များ၊ နောက်ဆုံးပေါ်ကုထုံးများနှင့် လက်တွေ့ဖြေရှင်းရ မည့်အချက်များကို ဆွေးနွေးဖြေရှင်းကြရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ သွေးတိုးရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေနိုင်သည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဆေးရုံအခြေပြုသတင်းအချက်အလက်စနစ်၏ စာရင်းများအရ ဆေးရုံဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးရသည်ဟု တွေ့ရှိရကြောင်း၊ ရပ်ရွာများအတွင်း ဖြစ်ပွားသောသေဆုံးမှု (Community Death) အချက်အလက်များပါဝင်ပါက ပိုမိုများပြားနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း STEPS survey (2014)အရ လူလေးဦးတွင် တစ်ဦးက သွေးတိုးရောဂါရှိနေကြောင်း တွေ့ရှိရပြီး ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ STEPS survey ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း။
ကျောက်ကပ်သန့်စင်စက်များ ပံ့ပိုးပေး
မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်တစ်ခုဖြစ်သော သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါ ဖြစ်ပွားသေဆုံးမှုကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ၃၃ ရာခိုင်နှုန်း လျှော့ချရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ခံစားနေရသူများကို ပြည်သူ့ဆေးရုံများတွင် စစ်ဆေးကုသပေးလျက်ရှိသည့်အပြင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများကို ထိရောက်လျင်မြန်စွာ ကုသပေးနိုင်ရေး၊ ခေတ်မီပုံရိပ်ဖော်စက်ကြီးများ၊ Stroke First Programme များဖြင့် ကုသပေးနိုင်မည့် ဆေးဝါးကောင်းများ၊ ကျောက်ကပ်သန့်စင်စက်များကို ထိရောက်စွာ ပံ့ပိုးပေးလျက်ရှိကြောင်း။
အသိပညာပေးဆောင်ရွက်
ထို့ပြင် ပြည်သူလူထုအတွင်း သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါများ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို မြို့နယ်အသီးသီးရှိ ဒေသန္တရဆေးပေးခန်းများ၊ မိခင်နှင့်ကလေးဆေးပေး ခန်း၊ ကျေးလက်ကျန်းမာရေးဌာနများတွင် အထူးသဖြင့် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဆေးခန်းပေါင်း ၇၅၁၆ ခု ဖွင့်လှစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများက သွေးတိုး၊ ဆီးချိုရောဂါများကို စောစီးစွာရှာဖွေစစ်ဆေးပေးခြင်းနှင့် ၁၀ နှစ်အတွင်း နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို တွက်ချက်ပေးခြင်း၊ ကုသပေးခြင်း၊ အခမဲ့ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ လိုအပ်လျှင် လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရမည့် နည်းလမ်းများနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို နမူနာသင်ကြားပြသခြင်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံမှ ထုတ်လုပ်သည့် သွေးတိုးရောဂါနှင့် ဆီးချို သွေးချိုရောဂါ ကုသဆေးဝါးများကို ဝယ်ယူ၍ လူနာများကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ထပ်မံ ထုတ်လုပ်မည့် ဆေးဝါးအမယ်သစ်များအား အရည်အသွေးစစ်ဆေး၍ အသုံးပြုခွင့်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သွေးတိုးရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါများကို ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ မျိုးရိုးဗီဇဆက်ခံမှု၊ အသက်အရွယ်ကြီးမြင့်လာမှု စသည့်ပြုပြင်ပြောင်းလဲ၍ မရသောအကြောင်းအရာများ ပါဝင်သလို အဓိကအားဖြင့် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါး ခြင်း စသည့်ကြိုတင်ကာကွယ်နိုင်သည့် အကြောင်းအရာများကြောင့် ဖြစ်ပွားရခြင်းဖြစ်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသင့်စားအစားအစာများတွင် အသွင်ပြောင်းဆီနှင့်ဆားပါဝင်မှု လျှော့ချနိုင်ရေး၊ ပြည်သူလူထုအတွင်း ကိုယ်လက်လှုပ်ရှားမှု မြှင့်တင်ရေး၊ အရက်သောက်သုံးမှု လျှော့ချရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုထိန်းချုပ်ရေးအတွက် မူဝါဒများချမှတ်ပြီး နှီးနွှယ်ဝန်ကြီးဌာနများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြင့်ဟန်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြည်ပပညာရှင်များ ပါဝင်ဆွေးနွေး
အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံမှ သွေးတိုးရောဂါဆိုင်ရာ ပါမောက္ခ/သမားတော်ကြီးများအပြင် ပြည်ပပညာရှင်များက ပါဝင်ဆွေးနွေးကာ ညီလာခံသို့ တက်ရောက်သူ ၁၉၉ ဦးနှင့် online မှ တက်ရောက်သူ ၂၀၅ ဦး စုစုပေါင်း ၄၀၄ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်