Skip to main content

မှော်ဘီမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လှပဒါးကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၂၂ ပါးနှင့် ဒေသခံပြည်သူ ၁၁၅ ဦးတို့ကို အဆိုပါကျေးရွာရှိ မဟာဗောဓိဝံသကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အနီဃာသီလရှင် ပရိယတ္တိစာသင်တိုက်ရှိ သာသနာ့နွယ်ဝင်သီလရှင် ၁၄၈ ပါးတို့ကို အဆိုပါ စာသင်တိုက်၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ဆီးချို/ သွေးချိုရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG ၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်း၊ ဆီးချို/ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်