ရန်ကုန် ဖေဖော်ဝါရီ ၁၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။
အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း၌ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား တွေ့ဆုံအားပေးစကားပြောကြား၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအတွက် E-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data) ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်းနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအရာရှိများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမားဌာနစုတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် OWIC ကတ်ထုတ်ပေးခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ OWIC ကတ် ထုတ်ပေးရေးဌာနတွင် OWIC ကတ် စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
လုပ်သားများ စေလွှတ်လျက်ရှိ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ပြီး ဆက်လက်၍ သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရန်နှင့် လုပ်သားများ ပိုမိုစေလွှတ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အလုပ်အကိုင်လမ်းညွှန်သင်တန်းများဖွင့်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး)တို့တွင် သင်တန်းသား ကျား ၃၁၉၃၃၂ ဦး၊ မ ၁၂၅၅၉၆ ဦး စုစုပေါင်း ၄၄၄၉၂၈ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးလျက်ရှိမှုနှင့် အလုပ်သမားဆေးရုံကြီး၌ Ward အားလုံး ဖွင့်လှစ်နိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
အားကိုးအားထားပြုရသည့် ဌာနဖြစ်စေရန်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်၊ တစ်လလျှင် ကျောက်ကပ်ဆေးလူနာ ၅၀ ခန့် ဆေးကြောကုသပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အလုပ်သမားဆေးရုံကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်