နေပြည်တော် ဖေဖော်ဝါရီ ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မင်းလှမြို့ရှိ ၂၃၀ ကေဗွီ, ၁၀၀ အမ်ဗွီအေ မင်းလှပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ရှိ ၂၃၀ ကေဗွီ, ၁၀၀ အမ်ဗွီအေ မင်းလှပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံရှိ သဘာဝအရင်းအမြစ်များကို အသုံးချ၍ နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထရန်စဖော်မာဝန်အားစာရင်းကို အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေးလုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင် မပျက်သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ Switchgear များအား ပုံမှန်ပြုပြင်ထိန်းသိမ်း၍ ကြံ့ခိုင်မှုကောင်းမွန်စေရေးဆောင်ရွက်ရန် မှာကြား၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများ၊ ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေနှင့် Switch-Bay အသစ်တိုးချဲ့တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်