ရန်ကုန် ဖေဖော်ဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ် (၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့် မှတ်တမ်း video clip ကို ပြသသည်။
စုစုပေါင်း (၁၂) ဆုချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် အခမ်းအနားကြီးဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြသူများကို ဂုဏ်ပြုခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ အခမ်းအနားကြီးဖြစ်မြောက်အောင် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများပါဝင်သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၇ ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုလို လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှာ ပါဝင်ကူညီပေးခဲ့ကြသည့်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထိုအခမ်းအနားကြီးတွင် ရုပ်ရှင်တစ်သက်တာဆု (၃) ဆုနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၉) ဆု၊ စုစုပေါင်း (၁၂) ဆုကို ချီးမြှင့်ခဲ့ပါကြောင်း၊ ထူးချွန်ဆုများကို ၂၀၂၃ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၃၅ ကားထဲမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကဲဖြတ်အမှတ်ပေးပုံစံများနှင့်အညီ ရွေးချယ်ခဲ့ကြပါကြောင်း။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ယခင်နှစ်က စတင်ထည့်သွင်းခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည့် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုကို ယခုနှစ်တွင်လည်း ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အခမ်းအနားကြီးကို တက်ရောက်ခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်တကွ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊ နိုင်ငံတစ်ဝန်း၌ TV ဖန်သားပြင်ပေါ်မှ ကြည့်ရှုနေကြသည့် သူများအားလုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနားသည် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ခဲ့သည်ဟု မှတ်ချက်ပြုကြသည်ကို ကြားသိရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းရန်
ထူးချွန်ဆုချီးမြှင့်ခြင်း ခံရသူများအနေဖြင့်လည်း ဂုဏ်ယူဝမ်းမြောက်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုနှစ် ထူးချွန်ဆုရရှိသူများထဲမှာ လူငယ်အနုပညာရှင်များ ပါဝင်လာသည့်အတွက် မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းသစ်ရန် အားသစ်လောင်းသည့် အနေအထားမျိုး တွေ့ရပါကြောင်း၊ မျိုးဆက်သစ်အနုပညာရှင်လူငယ်များအနေဖြင့် အားကျပြီး မြန်မာ့ရုပ်ရှင်လောကကြီး ယခုထက်မက တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းပေးပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဂုဏ်ပြုဆုငွေများချီးမြှင့်
ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ပံ့ပိုးကူညီသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ ထူးချွန်ဆုရရှိသူများကိုယ်စား ရုပ်ရှင်တစ်သက်တာဆုရှင် အကယ်ဒမီဒေါ်နွဲ့နွဲ့စန်းက ကျေးဇူးတင်စကားပြောကြားသည်။
သတင်းစဉ်