နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပဋိပက္ခအတွင်းလိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူများ လက်လှမ်းမီသိရှိရေး အသိပညာပေးခြင်း စီစဉ်ဆောင်ရွက်ရန်” ဆိုသည့် လုပ်ငန်းတာဝန်တစ်ခု ပါဝင်သည်နှင့်အညီ ပြည်သူများသိရှိနားလည်ပြီး တိုင်ကြားနိုင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ယခုထက်ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းတာဝန်များတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေး (Conflict Related Sexual Violence-CRSV) လုပ်ငန်းတာဝန်ကို ထည့်သွင်းဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားကို ပြည်သူအများ သိရှိစေရန် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ အတွင်း ဆောင်ရွက်ကြောင်း၊ ဒုတိယသက်တမ်း၏ ဒုတိယ(၆)လပတ်ကာလ ဖြစ်သည့် ၂၀၂၃ ခုနှစ် မတ် ၁၀ ရက်မှ နိုဝင်ဘာ ၁၀ ရက်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ချက်များကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြရေးအတွက် ရေးသားပြုစုလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ရေးသားထားရှိသည့် အစီရင်ခံစာအပေါ် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက် အတည်ပြုရေးလမ်းညွှန် ပြောကြားသည်။
ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုများ၊ ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ၏ ဆုံးဖြတ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက ဒုတိယ (၆) လပတ်အစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်