နေပြည်တော် ဖေဖော်ဝါရီ ၁၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုမျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အလားအလာရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရေး၊ ဖွံ့ဖြိုးမှုအတွေးအခေါ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှု အတွေးအခေါ်များကို ဝန်ထမ်းများသိရှိထားရန်လိုအပ်ပြီး မိမိတို့၏ဌာနကိုပြန်လည် ဆန်းစစ်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စီမံကိန်းများဆောင်ရွက်ရာ၌ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် စီမံ ကိန်းများကို ရေးဆွဲဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Investment Plan) များရေးဆွဲရာတွင် အမျိုးသားစီမံကိန်း (National Plan )၊ ဒေသန္တရစီမံကိန်း (Regional Plan) တို့နှင့် ချိတ်ဆက်ရေးဆွဲရန်လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင်ငွေရင်း၊ ပစ္စည်း၊ နည်းပညာ မြှုပ်နှံသူများကိုပါစည်းရုံးဆွဲဆောင် ရန်လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တာဝန်ရှိအရာထမ်း၊ ဝန်ထမ်းများအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့်အတွေ့အကြုံများ မျှဝေသည့် သောကြာနေ့စကားဝိုင်းအမှတ်စဉ် (၄၆) ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိ ကြောင်း၊ ယနေ့အသိပညာမျှဝေ ဆွေးနွေးပွဲမှ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးသက်ရောက်မှုများကို မျှဝေဆွေးနွေးသွားမည် ဖြစ်သဖြင့် တက်ရောက်လာသူများအနေဖြင့် စနစ်တကျ ပါဝင်ဆွေးနွေးသွားကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုဇာလှိုင်းက တရုတ်နိုင်ငံတွင် တက်ရောက်ခဲ့သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့်အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအလိုက် National Agenda များကို Global Development Agenda များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဖြည့်စွက်ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်