နေပြည်တော် ဖေဖော်ဝါရီလ ၁၆
ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးမှ လက်ရှိချက်ချင်းစစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော လူဦးရေ ကျား၊ မစာရင်းကို အမြန်ဆုံးကောက်ယူခိုင်းထားကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အကျုံး ဝင်သောလူငယ်များကို ရှောင်တိမ်းခြင်းမရှိစေရန်အတွက် မိဘ၊ ဆွေမျိုး၊ မောင်နှမများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိချမှတ်နိုင်ကြောင်း ဝန်ခံကတိပြုလက်မှတ်များ ရေးထိုးခိုင်းနေကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိပါသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင်လည်း စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာတွင် လမ်းသွားလမ်းလာလူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီး လူငယ် ၅၀ ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းစသည့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေမည့် လုပ်ကြံရေးသားထားသည့် ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလ သတင်းအမှားများကိုဖြန့်ဝေ၍ အကြမ်းဖက်အဖွဲ့ အစည်းများသို့ လူငယ်လူရွယ်များက ပိုမိုဝင်ရောက်လာစေရေးအတွက် စည်းရုံးသိမ်းသွင်း လုပ်ဆောင်နေမှုများကို မိဘပြည်သူများနှင့် လူငယ်လူရွယ်များသိရှိနားလည်စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သတင်းရရှိပါသည်။