နေပြည်တော် ဖေဖော်ဝါရီ ၁၆
နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့သည် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့သို့ရောက်ရှိကြပြီး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် မြတ်ကျောင်းတော် မြန်မာ့ရိုးရာပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှု လေ့လာကြသည်။ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းမှူးကချောင်းသာအပန်းဖြေ ဧည့်ရိပ်သာ၌ အမှာစကားပြောကြားပြီး ဒေသထွက်စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။