နေပြည်တော် ဖေဖော်ဝါရီ ၁၅
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုကဏ္ဍကြီးအောက် တွင်ပါဝင်ပြီး ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူရန်လိုအပ်ပြီး ၎င်းတို့၏အခက်အခဲများကို မူဝါဒ၊ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ အတတ်နိုင်ဆုံး အကူအညီပေးကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွား လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိက ကဏ္ဍပိုင်းနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် အစိုးရ- ပုဂ္ဂလိကအားလုံးပါဝင်သော Public Private Dialogue များကို Working Group အဖွဲ့များဖွဲ့၍ အပြန်အလှန် ဆွေးနွေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်နိုင်ငံလုံးရှိ ခရီးစဉ်ဒေသများ၌ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာစေရေးအတွက် နယ်ရုံးခွဲများ၏အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးဆောင်ရွက်ရမည် ဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဆက်လက်ဖွံ့ဖြိုးရေးကိုလည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများသန့်ရှင်းသာယာလှပပြီး ဆွဲဆောင်မှုရှိသော ခရီးစဉ်များဖြစ်အောင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များအား ခရီးစဉ်ဒေသအားလုံး၌ ဖွဲ့စည်းထားကြရန်လိုအပ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု အားကောင်းစေရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနက ထုတ်ပြန်ရေးဆွဲထားသော မူဝါဒနှင့် ညွှန်ကြားချက်များကိုလည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများက လိုက်ပါဆောင်ရွက်ကြရေးအတွက် တိုက်တွန်းနှိုးဆော်ကြရန်နှင့် ကူညီပံ့ပိုးရန်ရှိသည်များကိုလည်း ကူညီပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြရေး၊ ဝန်ကြီးဌာနမှဝန်ထမ်းရေးရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အကောင်အထည်ဖော်နိုင်မှုများ၊ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေ များ၊ ခရီးစဉ်ဒေသများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေများ၊ လုပ်ငန်းလိုင်စင်များထုတ်ပေးထားရှိမှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း အမျိုးအစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသအသစ်များဖော် ထုတ်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်