နေပြည်တော် ဖေဖော်ဝါရီ ၁၅
နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီ တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားအရင်းအမြစ်များအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ အသိပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်းများအပြင် လူငယ်များအတွက် အကျိုးရှိစေမည့်သင်တန်းများကို သက်ဆိုင်ရာဌာနများက ဖွင့်လှစ်သင်ကြားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ကျောင်းကျန်းမာရေးဆောင်ရွက်မှု၊ လူငယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ နေပြည်တော်အတွင်း လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကင်းထောက်သင်တန်းနှင့် လူငယ်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် အခြေအနေများကို ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ မင်္ဂလာကန်တော် ခန်းမ၌ကျင်းပသည့် ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် တတိယအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်း ဆောင်အသစ်တည်ဆောက်ခြင်း၊ လူလျှောက်လမ်း တံတားအသစ်တည်ဆောက်ပြီးစီးမှုနှင့် ကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားသည်။
ယနေ့ကျင်းပသည့် တတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီမှတစ်ဆင့် အလှူရှင် ၂၂၄ ဦးတို့က စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း ၃၇၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်