နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ်ကျောင်းအုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်အုပ်ချုပ် သူများအနေဖြင့် အားနည်းချက်များကို ပြုပြင်၍ အားကောင်းလာစေရန်နှင့် အားသာချက်များကို ပိုမိုအားကောင်းစေရန် အမြဲမပြတ်ကြိုးစားဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ လူမှုနယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သည့် ဝိဇ္ဇာ၊ သိပ္ပံ ပညာရပ်များကို သင်ကြားပေးကြရန်လိုကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ပရိဝုဏ်များတွင် ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်သာယာရေးအတွက် အလေးထားထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များတွင် ဘာသာရပ်ဆိုင်ရာစာအုပ်၊ စာတမ်းများ စနစ်တကျ ဝယ်ယူဖြည့်ဆည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး ကျရာတာဝန်များကို စေတနာအပြည့်ဖြင့် ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့တာဝန်ကျေပွန်အောင် ဆောင်ရွက်သူများ ဖြစ်စေလိုကြောင်း၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အောက်ခြေဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ အောက်ခြေဝန်ထမ်းများနှင့် နွေးနွေးထွေးထွေး ဆက်ဆံ၍ လုပ်ငန်းအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်များတွင် ပညာရေးအရည်အသွေးကောင်းမွန်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များကို ပြုစုပျိုးထောင် မွေးထုတ် ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး၊ တက္ကသိုလ်တစ်ခုစီတွင် ထင်ရှားကျော်ကြားသော ဘာသာရပ် (Flagship Programme) တစ်ခုထူထောင်ရေး၊ လူမှုနယ်ပယ်အတွက် လက်တွေ့အသုံးချနိုင်သော သုတေသနများလုပ်ဆောင်ရေး၊ ရှားပါးဘာသာရပ်များတွင် ပါရဂူဘွဲ့သင်တန်းသားများ တိုးချဲ့လက်ခံရေးကိစ္စရပ်များကိုဆွေးနွေးပြီး တက်ရောက်လာသည့် ပါမောက္ခချုပ်များက တက္ကသိုလ်၊ ဒီဂရီကောလိပ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေး၊ ဘာသာရပ်ဆိုင်ရာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင် ပညာရေးမှူးများနှင့် တွေ့ဆုံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံပညာရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ အတန်းတင်စာမေးပွဲများအပြီး ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိကျင်းပမည့် Grade-5 ၊ Grade-9 စာမေးပွဲများကို ဆက်လက်ကျင်းပမည်ဖြစ်ရာ အောင်မြင်ချောမွေ့စွာ ပြီးမြောက်နိုင်ရေး ပညာရေးဝန်ထမ်းအားလုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းကို ရရှိအောင်ဆောင်ရွက်ပေးကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှားအယွင်းမရှိစေဘဲ အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အခြေခံပညာမှ ဆရာ ဆရာမများနှင့် အဆင့်မြင့်ပညာမှ တာဝန်ရှိသူများ အားလုံးညီညီညွတ်ညွတ်ပူးပေါင်း၍ အောင်မြင်အောင် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်