Skip to main content

ကျန်းမာရေးဝန်ကြီးဌာနသို့ မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် ငါးစုံ ပေးအပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၅

Zeya & Associates Co.,Ltd မှ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနရှိ ဆေးတက္ကသိုလ်ငါးခုတွင် အသုံးပြုရန် မှန်ပြောင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် သင်ကြားရေး အထောက်အကူပြု မှန်ပြောင်းကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် (Laparoscopic Simulator) ငါးစုံ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆေးတက္ကသိုလ်ငါးခုမှ ခွဲစိတ်ကုပညာဌာန ပါမောက္ခ၊ ဌာနမှူးများနှင့် Zeya & Associates Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ယခုကဲ့သို့ ခေတ်မီသင်ကြားရေး အထောက်အကူပြုပစ္စည်းများ အထူးပင်လိုအပ်သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ကုသမှု နည်းပညာများ တတ်ကျွမ်းနေစေရန်အတွက် လေ့ကျင့်ရေးပစ္စည်းများလိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မှန်ပြောင်းကြည့်ခွဲစိတ် ကုသမှု (Laparoscopic Surgery) များ ဆောင်ရွက်နိုင်ရန် လိုအပ်သော ခေတ်မီပစ္စည်းများကို ဖြည့်ဆည်း ပေးထားသည့်အတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်း၊ နိုင်ငံတော်ကလည်း မူဝါဒများဖြေလျှော့ပေးပြီး ပုဂ္ဂလိကအခန်းကဏ္ဍတိုးတက်စေရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် Zeya & Associates Co.,Ltd မှ Deputy Managing Director ဒေါက်တာခိုင်ခိုင်မြင့်က Laparoscopic Simulator ငါးစုံကိုပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် Zeya & Associates Co.,Ltd မှ Deputy Managing Director ဒေါက်တာ ခိုင်ခိုင်မြင့်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်