ရန်ကုန် ဖေဖော်ဝါရီ ၁၅
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်မည့် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း (Project on Strengthening National Quality Infrastructure and Implementation of National Certification Body for Certifying Products, Processes and Services) စတင်ခြင်းအခမ်းအနားနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ် (Stakeholders Engagement Forum on Standards and Qua-lity for Trade Facilitation and Industry Development) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ MERCURE ဟိုတယ်၌ကျင်းပသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများရှိ အရည်အသွေး ထောက်ခံချက်ပေးရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Ms. Qiao Li နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာတို့က အမှာစကားပြောကြားကြသည်။
အဆိုပါစီမံကိန်းအရ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေနိုင်ကြောင်းနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက် ထုတ်ပေးရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး ကိုက်ညီမှုစစ်ဆေး ရေးအဖွဲ့များဖြစ်သော အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့များ၊ စမ်းသပ်ဓာတ်ခွဲခန်းများ၊ စံကိုက်ညှိဓာတ်ခွဲခန်းများနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ မှတ်ပုံတင်ခြင်း (Registration) နှင့် အသိအမှတ်ပြုခြင်း (Designation) လုပ်ငန်းစဉ်များကို အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတည်ပြုချက်များဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်နိုင်ရန် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် Stakeholders Engagement Forum ကိုကျင်းပရာ ပြည်တွင်းရှိ အရည်အသွေးစစ်ဆေးရေး ကိုက်ညီမှုစစ်ဆေးရေး လုပ်ငန်းစဉ်များကို Stakeholder များ၏ လုပ်ငန်း လိုအပ်ချက်များနှင့် လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်