Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၅

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာ စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအရ ဆောင်ရွက်ရမည့် လုပ်ငန်း ၄၆၁ ချက်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း ၁၉၁ ချက်တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအခြေအနေ၊ အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စက်ရုံရှိစက်ပစ္စည်းများ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများမှ အင်ဂျင်နီယာပညာရှင်များဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာစက်ရုံရှိ ဝန်ထမ်းများသည် လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် ပြုပြုင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာ များကို ရရှိမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံကို စက်စမ်းသပ်လည်ပတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုမ္ပဏီများ၏ အဆိုပြုတင်ပြချက်များကို နှိုင်းယှဉ်လေ့လာစိစစ်၍ ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ စက်ရုံရှိ တာဝန်ရှိသူများအနေဖြင့် အထူးအလေးထား စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်စေရေး ကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်းရှိ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံအတွင်း ပိုက်လိုင်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Romelt Shop တွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများကို ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်