နေပြည်တော် ဖေဖော်ဝါရီ ၁၅
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများအား လုပ်ငန်းဆိုင်ရာအသိပညာမြှင့်တင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနမှူးများအနေဖြင့် စက်မှုဝန်ကြီးဌာန၏ကိုယ်စား တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သဖြင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကိုသိရှိအောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒ၊ ဦးတည်ချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဘွိုင်လာ၊ လျှပ်စစ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်၊ စက်မှုလုပ်ငန်းများကြီးကြပ်ရေး၊ MSME များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသည့်အတွက် တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။
သင်တန်းပြီးဆုံးပါက သင်တန်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ထပ်မံဖွင့်လှစ်ပါက လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းဆောင်မှု မြှင့်တင်ခြင်း လုပ်ငန်းများကို ဦးစီးဌာန၊ စက်မှုလုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် ပြုလုပ်ပေးမှသာ ခေတ်မီနည်းပညာရပ်များကို ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို ပြန်လည်အသုံးပြုကြရမည်ဖြစ်ကြောင်းမှာကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်းကို နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းတွင် စက်မှုဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများက စက်မှုဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဦးစီးဌာန၊ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်