နေပြည်တော် ဖေဖော်ဝါရီ ၁၅
အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းဝေး ခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အလေးထားအားပေးဆောင်ရွက်
ဦးစွာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရေဆိုင်ရာဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ အားလုံးကိုလွှမ်းခြုံနိုင်မည့် ရေဥပဒေတစ်ရပ်ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်မှ အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း အတည်ပြုပြဋ္ဌာန်းထားသော ရေနှင့်ဆက်နွှယ်သည့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ချိတ်ဆက်လွှမ်းခြုံသည့် အမျိုးသားရေဥပဒေရေးဆွဲပြဋ္ဌာန်း နိုင်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးဗဟိုကော်မတီ (Steering Committee) ကို နိုင်ငံတော်မှ ဖွဲ့စည်းပေး ခဲ့ခြင်းဖြစ်ကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းပြီးနောက် အမျိုးသားအဆင့် ရေမူဝါဒရေးဆွဲရေးနှင့် အမျိုးသားရေဥပဒေရေးဆွဲရေးတို့အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ပါ ကြောင်း၊ ကော်မတီ၏အကြံပေးအဖွဲ့မှ ပြုစုတင်ပြခဲ့သည့် အမျိုးသားအဆင့် ရေမူဝါဒကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ပြီး အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲရေးအတွက် ပြည်သူ့အကြံပြု အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခဲ့ကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအနေဖြင့် ရေဥပဒေရေးဆွဲပြဋ္ဌာန်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေ ဥပဒေပြုစုရေး Task Force အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အမျိုးသားရေ ဥပဒေပေါ်ပေါက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး ရေဥပဒေရေးဆွဲပြဋ္ဌာန်းရေးကို တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း။
ဒုတိယမူကြမ်းကိုပြင်ဆင်လျက်ရှိ
အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ကို ၂၀၂၃ နိုဝင်ဘာ ၂၈ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အမျိုးသားရေဥပဒေ ပထမမူကြမ်းအပေါ် ဌာနအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကိုစုစည်း၍ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းကို ပြင်ဆင်တည်းဖြတ်လျက်ရှိကြောင်း၊ အမျိုးသားရေဥပဒေပေါ်ပေါက်ရေးသည် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အလျောက် ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားရေဥပဒေ (မူကြမ်း) ရေးဆွဲပြုစုရေး၊ အတည်ပြုရေးနှင့် ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားအဆင့်ရေမူဝါဒ၊ ရေဥပဒေရေးဆွဲရေးဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဖြန့်ဝေထားသည့် အမျိုးသားရေဥပဒေ (ဒုတိယမူကြမ်း)၊ အမျိုးသားရေဥပဒေ ပြုစုရေးလုပ်ငန်းစဉ်များနှင့် အမျိုးသား ရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်