Skip to main content

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကင်းမွန်မီးထွန်းလှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားရောက်ရှာဖွေရာ လှေအားမတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာစဉ် လှေသား ၃ ဦးအားရှာဖွေတွေ့ရှိကယ်ဆယ်ခဲ့ပြီး အဆိုပါလှေသားများ၏ ပြောကြားချက်အရ မီးထွန်းလှေတွင် လှေသား ၈ ဦးပါရှိကြောင်း သိရှိရ၍ ဆက်လက်လိုက်လံရှာဖွေရာ ၎င်းနေရာအနီးတွင်ရှိသော ရတနာထွန်း-၁ အမည်ရှိ မီးထွန်းလှေမှ လှေသား ၄ ဦးအားကယ်ဆယ်ထားသဖြင့် စုစုပေါင်းလှေသား ၇ ဦးအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာလိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။