နေပြည်တော် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖော်ပြနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် KNDF၊ PNLA၊ PDF အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် PNO ပြည်သူ့စစ်အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပဆျားကလိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
ဆီဆိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ကောလာဟလသတင်းများဖြင့် သွေးထိုးလှုံဆော်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် လုပ်ကြံရေးသား နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။