နေပြည်တော် ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်တွင် စစ်သင်္ဘောဆိုက်ကပ်ပြီး ဒေသခံ လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန်စီစဉ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာသို့ စစ်သင်္ဘောဆိုက်ကပ်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် မြင်းကဆိပ်ကျေးရွာသည် ဆန်စက်ကြီး ၇ လုံး တည်ရှိပြီး ဆန်၊ စပါးများကို ပုသိမ်၊ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ သယ်ဆောင်ပေးပို့ခြင်းများအတွက် စက်လှေ၊ သင်္ဘောများနေ့စဉ်ဆိုက်ကပ်လျက်ရှိပြီး စည်ကားသည့် ဆိပ်ကမ်းတစ်ခုတည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကြောင်းနှင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများပြားပြီး အနီးဝန်းကျင်ကျေးရွာများမှ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားသည့်ကျေးရွာကြီးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
အလားတူ ပုသိမ်တက္ကသိုလ် ဆရာနှင့်ကျောင်းသားများ စစ်မှုထမ်းရမည်ဟု ပြောကြားမှုရှိခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုမှ ဆယ်တော်ကျေးရွာ၊ တမုတ်စိုးကျေးရွာတို့မှ လူငယ် ၃၅ ဦးအား စစ်မှုထမ်းရန်ဖမ်းဆီးခဲ့ကြောင်း ကောလာဟလသတင်းတု၊ သတင်းမှားများကို ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ပြည်ဖျက်မီဒီယာအချို့မှ သွေးထိုးလှုံ့ဆော်နေကြောင်း တွေ့ရှိရပြီး လုပ်ကြံဖန်တီး လိုရာရေးသား၍ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ပြည်ဖျက်မီဒီယာ အချို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းပြောကြားလျက်ရှိပြီး ပြည်သူများထင်ယောင်ထင်မှား မဖြစ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များကို အသေးစိတ်စုံစမ်းမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ကြေငြာပေးပြီးဖြစ်ကာ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးသည့်လုပ်ရပ်များ၊ လုပ်ထုံးလုပ်နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။