နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၊ စက်ခေါင်းပြင်စက်ရုံ (မန္တလေး)၊ ဇလီ ဖားပေါင်းစက်ရုံ (မြို့ဟောင်း) နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၏ အခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးပြီး ရထားလမ်းဘေး ဘယ်/ ညာနှင့်ဘူတာယာဒ်ဝင်းရှိ အမှိုက်များရှင်းလင်းရန်၊ လမ်းပိုင်းအတွင်း ကျောက်နည်းသည့်နေရာများတွင် ကျောက်ဖြည့်သွင်း၍ စနစ်တကျပက်ကင်ရိုက်ရန်၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ တံတားများတွင် ဆွေးမြည့်နေသည့် သစ်သားဇလီဖားများ လဲလှယ်သွားရန်၊ တံတားတစ်ခုစီအလိုက် အောက်ခြေသံပေါင် အထိုင်ကောင်း/ မကောင်း၊ တံတား ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ ကောင်း/ မကောင်း စစ်ဆေးသွား ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(မန္တလေး)သို့ သွားရောက်စစ်ဆေးပြီး စက်ခေါင်းများ ပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်အောင်ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးတက်စေရေး၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်နှင့် ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း) မှ အထူးဇလီဖားတုံးများ၊ လမ်းပိုင်းဇလီဖားတုံးများ အချိန်မီထုတ်လုပ်ပေးနိုင်ရေးနှင့် အရည်အသွေးပြည့်မီရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ထို့အပြင် ဒုတိယဝန်ကြီးသည် မန္တလေးရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများ စစ်ဆေးပြီး ဝန်ထမ်းလိုင်းခန်းအတွင်း သောက်/ သုံးရေ လုံလောက်စွာရရှိရေး စနစ်တကျစီမံဆောင်ရွက်ရန်၊ မြန်မာ့မီးရထားဆေးရုံ၊ ဆေးခန်းများ၌ ဝန်ထမ်းမိသားစုများ ဆေးကုသနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်