Skip to main content

“အလေ့ကျပေါက်နေလှဲ့စေ့များ ​စျေးကောင်းရ”

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ထနောင်း၊ မကျည်း၊ ကုက္ကိုပင်များနှင့် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။ ၎င်းအပင်များအနက် ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည့် နေ့လှဲ့ပင်သည် အလေ့ကျပေါက်သော ပေါင်းပင်တစ်မျိုးဖြစ်ပြီး ဒီဇင်ဘာလမှ အပွင့်စပွင့်၍ ဇန်နဝါရီလတွင် ရင့်မှည့်ပြီးခူးဆွတ်ရကြောင်း၊ ယခုအချိန်တွင် နေလှဲ့စေ့များ စတင်ထွက်ရှိလျက်ရှိပါသည်။ နေလှဲ့ပင်မှာ လယ်ကန်သင်းရိုးနှင့် စိုက်ပျိုးမှုနည်းသော လယ်ကွက်များတွင် အများဆုံးပေါက်ရောက်ကြပြီး နေလှဲ့စေ့ကို နေလှဲ့ပင်မှရင့်မှည့်သော အသီးများအားရွေးချယ်၍ ကောက်ကြပါသည်။ နေလှဲ့စေ့(၁)ဗူးရရန် မလွယ်ကူပေ။ နေလှဲ့စေ့ပေါ်ချိန်တွင် မိသားစုလိုက် တောလည်ထွက်၍ လိုက်လံခြွေကာ စုဆောင်းအခြောက်ခံ၍ ပွဲရုံများသို့ သွားရောက်ရောင်းချကြပါသည်။ ယခင်နှစ်နေလှဲ့စေ့ (၁)ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် နေလှဲ့စေ့(၁)ပိဿာလျှင် (၈၂၀၀)ကျပ်စျေးဖြင့် ရောင်းချရသဖြင့် စျေးနှုန်းကောင်းမွန်သောကြောင့် နေလှဲ့စေ့ခြွေသော လက်လုပ်လက်စားများ အဆင်ပြေ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း၊ ကျောက်ကပ်၊ အရိုးအက်ခြင်း၊ ဒူးနာ၊ အကြောနာနှင့် ဆံပင်ကျွတ်ခြင်း စသည့်ရောဂါများကို ကုသရာတွင် ကောင်းမွန်သောကြောင့် နေလှဲ့စေ့ကိုကြိတ်၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြောင်း၊ ခရုသင်းရောဂါအတွက် အထိရောက်ဆုံး ဆီတစ်မျိုးဖြစ်ကြောင်း နေလှဲ့စေ့နှင့်ပတ်သတ်၍ ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)