လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ရွှေကြာကန်ကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်လင်းဦး၏ ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာတွင် ခြံမန်နေဂျာ ဦးမျိုးချစ်က ရှင်းလင်းပြောကြားရာမှာ မိမိတို့ငါးကန်သည် ဧက(၃၀)ရှိသည့်အတွက် ငါး(၃)မျိုးဖြစ်သည့် ငါးတန်၊ ငါးမြစ်ချင်းနှင့် ငါးမုန့်များကို မွေးမြူထားကြောင်း သိရှိရပါသည်။
မိမိတို့ငါးကန်အတွင်းသို့ ငါး(၃)မျိုး ထည့်သွင်းမွေးမြူထားပြီး ငါးအမျိုးအစားအလိုက် (၃)လစီခြား၍ ထည့်သွင်းမွေးမြူရာ ပထမဦးစွာ ငါးတန်သားပေါက် (၃)လက်မအရွယ် ငါးကောင်ရေ(၁၈၀၀၀)ခန့် ထည့်သွင်း၍လည်းကောင်း၊ ငါးတန်ထည့်ပြီးနောက် (၃)လအကြာတွင် ငါးမြစ်ချင်းသားပေါက် (၂)လက်မ/(၃)လက်မအရွယ်အစား အကောင်ရေ(၈၀၀၀၀)မှ (၉၀၀၀၀)ထိထည့်သွင်း၍လည်းကောင်း၊ ငါးမြစ်ချင်းထည့်ပြီးနောက် (၃)လအကြာတွင် အစားကြမ်းသောငါးမျိုးဖြစ်သည့် ငါးမုန့်သားပေါက် (၃)လက်မ/(၄)လက်မအရွယ် အကောင်ရေ(၆၀၀၀)မှ(၇၀၀၀)အထိလည်းကောင်း ထည့်သွင်းမွေးမြူပါသည်။ ပထမဦးဆုံး ငါးတန်ထည့်သွင်းပြီးချိန်မှ တစ်နှစ်ခွဲအကြာ၌ ငါးအားလုံးဖော်ထုတ်ရာ ငါးတန်တစ်ကောင်လျှင် ပိဿာချိန် တစ်ပိဿာခွဲမှ တစ်ပိဿာရှစ်ဆယ်သားထိရှိပြီး တစ်ပိဿာလျှင်(၂၃၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးမြစ်ချင်းတစ်ကောင်လျှင် (၈၅)ကျပ်သားမှ (၉၀)ကျပ်သားအထိ ကြီးထွားပြီး တစ်ပိဿာလျှင် (၃၈၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိလည်းကောင်း၊ ငါးမုန့်တစ်ကောင်လျှင် (၁)ပိဿာ၊ (၅၀)ကျပ်သားမှ (၂)ပိဿာထိရှိပြီး ဈေးနှုန်းမှာ (၂၃၀၀)ကျပ်မှ (၂၄၀၀)ကျပ်ထိလည်းကောင်း ဈေးနှုန်းရရှိ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရန်အတွက် လှိုင်မြို့နယ်ရှိ ရွှေပိတောက်ငါးဈေးသို့ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA (ရန်ကုန်)