Skip to main content

ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ဖို့ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ တိုးတက်ရေးအားပေးကူညီကြပါစို့

နိုင်ငံတော်အနေဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး စားသုံးသူအခွင့်အရေး ပြည့်ပြည့်ဝဝရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူး၊ ဦးမင်းဆွေနှင့် ဝန်ထမ်းများသည် ပြည်မြို့နယ်၊ မြရွာကျေးရွာ၊ လမ်းဆုံရှိ တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရောင်းချနေသော စိန်ကမ္ဘာဦးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကြံစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် သွားရောက်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ရာ ကုမ္ပဏီအနေဖြင့် တောင်သူအကျိုးပြု ကြံစိုက်စက်နှင့် ကြံခင်းဓါတ်မြေဩဇာချစက်များအား ထိုင်းနိုင်ငံနည်းပညာအခြေခံ၍ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ထားပြီး ယနေ့အထိ ကြံစိုက်စက်(၂)စီးနှင့် ကြံခင်းဓါတ်မြေဩဇာချစက်(၃)စီး ထုတ်လုပ်ရောင်းချထားကြောင်း သိရပါသည်။

ကြံစိုက်စက်

ကျွန်တော်တို့ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိတဲ့ နိုင်ငံလည်းဖြစ်ပါသည်။ ကြံစိုက်တောင်သူများအနေဖြင့် ကြံစိုက်ရာသီတွင် အစိုဓာတ်အမီ ထွန်ယက်စိုက်ပျိုးနိုင်မှသာ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမှာဖြစ်ပါသည်။ စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်တောင်သူများ ရာသီချိန်အမီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် ကြံစိုက်စက်များကို ထုတ်လုပ်ရောင်းချပေးနေပြီး စက်တန်ဖိုးမှာ ကျပ်သိန်း(၉၀)ဝန်းကျင်ဖြစ်သလို တစ်နှစ်အာမခံပေးထားကြောင်း သိရပါသည်။ ထိုင်းနိုင်ငံမှ တိုက်ရိုက်ဝယ်ယူမည်ဆိုပါက ကြံစိုက်စက်တစ်စီးလျှင် ကျပ်သိန်း(၁၂၀) ကျော်ပေးရမှာဖြစ်ပါသည်။ တောင်သူများအနေဖြင့် ကိုယ်ပိုင်ဝယ်ယူနိုင်ခြင်းမရှိသော်လည်း တစ်ဆင့်ငှားစနစ်ဖြင့် ငှားရမ်းသုံးစွဲနိုင်မှာဖြစ်ပါကြောင်း၊ ငှားရမ်းခအနေဖြင့် ဆီဈေးနှုန်းအတက်အကျပေါ်မူတည်၍ စက်မောင်းအပါ (၃)ဦး တစ်ဧကလျှင် ကျပ် (၈၀၀၀ဝိ/-)နှုန်းဖြင့် ငှားရမ်းနိုင်ကြောင်း သိရပါသည်။ ကြံစိုက်စက်ကို အသုံးပြု၍ စိုက်ပျိုးပါက (၈)နာရီအတွင်း (၅)ဧက စိုက်ပျိုးနိုင်မှာဖြစ်သောကြောင့် လုပ်သားအင်အားလျော့ချနိုင်သဖြင့် လုပ်သားခချွေတာနိုင်ပါသည်။ ကြံစိုက်စက်ဖြင့် စနစ်တကျ စိုက်ပျိုးသည့်အတွက် မျိုးကြံအလေအလွင့်မရှိခြင်း၊ အချိန်တိုအတွင်း ဧကများများစိုက်ပျိုးနိုင်ခြင်း၊ စိုက်စနစ်မှန်၍ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း အကျိုးအမြတ်များများရရှိနိုင်မှာ ဖြစ်ပါသည်။

ကြံခင်းဓါတ်မြေဩဇာချစက်

စိန်ကမ္ဘာဦးကုမ္ပဏီသည် ကြံစိုက်စက်များအပြင် ကြံခင်းဓါတ်မြေဩဇာချစက်များကိုပါ ထုတ်လုပ်ရောင်းချပေးနေကြောင်း သိရှိရပါသည်။ စက်တန်ဖိုးမှာ ကျပ်သိန်း (၈၀)ဖြစ်ပါသည်။ ငှားရမ်းအသုံးပြုမည်ဆိုပါက တစ်ဧကလျှင်(၄၀၀၀ဝိ/-)၊ ဓါတ်မြေဩဇာ(၂)အိတ်၊ ကြာချိန်(၃)နာရီဖြစ်ပါသည်။ လူအင်အားဖြင့်ကျဲပက်ပါက တစ်ရက်ကို(၁)ဧက ကျော်လောက်သာပြီးကြောင်း၊ ဓါတ်မြေဩဇာ အလေအလွင့်များပြီး အပင်အတွက် ထိရောက်မှုမရှိနိုင်ကြောင်း တောင်သူများထံမှ သိရပါသည်။ ကြံခင်းဓာတ်မြေဩဇာချစက်ဖြင့် ကျဲပက်လျှင် အပင်မြစ်ခြေအထိ ဝင်ရောက်သည့်အတွက် ပိုမိုထိရောက်ပြီး အလေအလွင့်နည်းပါး၍ အထွက်နှုန်းပိုမိုထွက်ရှိမှာဖြစ်ပါသည်။

စိန်ကမ္ဘာဦးကုမ္ပဏီသည် ဓါတ်ဆီအင်ဂျင်ဖြင့်သာ စက်ပစ္စည်းများ ထုတ်လုပ်နေရသည့်အတွက် အမှာရှိသလောက် ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ လျှပ်စစ်မီးများရရှိပါက စက်တန်ဖိုးလျော့၍ ရောင်းနိုင်မည်ဖြစ်သလို ကြံစိုက်တောင်သူများအနေနှင့်လည်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA (ပဲခူး)