နေပြည်တော် ဖေဖော်ဝါရီလ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအား အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဆီဆိုင်မြို့တွင် တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရန် ဆီဆိုင်မြို့နှင့်အနီးဝန်းကျင် ကျေးရွာများသို့ လုံခြုံရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါသတင်းမှာ လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းအမှားသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် တိုင်းရင်းသားစည်းလုံညီညွတ်မှုပျက်ပြားစေရန် သွေးထိုးလှုံဆော်၍ တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်များတွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။