နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံသည့် အခမ်းအနားကို ယနေ့နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အမှာစကားပြောကြားရာ၌ လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၃၀-၁-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေအမှတ် ၁၅/၂၀၂၄ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်လျက်ရှိပြီး ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်ရေး ကြီးကြပ်ပေးရမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့လာသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စိစစ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံ့ဂုဏ်သိက္ခာကျဆင်းခဲ့ရသကဲ့သို့ ပြည်သူလူထု၏ယုံကြည်မှုပါ ဆုံးရှုံးခဲ့ရသည့်အတွက် လာမည့်ရွေးကောက်ပွဲသည် ဂုဏ်သိက္ခာနှင့်ယုံကြည်မှ ပြန်လည်ရယူနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည့် ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကိုလည်း လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရေး ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီကော်မရှင်က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။