နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) ကျောင်းဆင်းအရာရှိများနှင့် မိသားစုဝင်များ၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) ကျောင်းဆင်းအရာရှိများနှင့် မိသားစုဝင်များက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀ အားလည်းကောင်း၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၅၀ အားလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ အားလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ နှင့် ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအားလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ အားလည်းကောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။