ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၇-၁-၂၀၂၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၆-၁-၂၀၂၄ ရက်နေ့အထိ အသက်ငါးနှစ်နှင့်အထက်ရှိသော ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူလူဦးရေ ၄၃ သန်းကျော်အနက် လူဦးရေ ၃၉ ဒသမ ၈ သန်းခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံ မှု ၉၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် လူဦးရေမှာ ၃၆ ဒသမ ၃ သန်း ခန့် ရှိပြီဖြစ်သောကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၈၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လပြည့်ပြီးသော အသက်ငါးနှစ်နှင့်အထက်ရှိသူများအား အသက်အရွယ်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်)များကို ထိုးနှံပေးလျက်ရှိပါသည်။
Gavi Covax Facility မှ လှူဒါန်းသည့် Pfizer Original Strain Comirnaty 30 micrograms / dose နှင့် Omicron မျိုးကွဲများကိုပါ ကာကွယ်ပေးနိုင်သည့် Pfizer Original/ Omicron BA.4-5 Comirnaty (15/15 micrograms) /dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသုံးပြု၍ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၁-၁-၂၀၂၄ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနောက်ဆုံးအကြိမ်ထိုးနှံ ပြီးစီးမှုကာလ ခြောက်လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၅၀ နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများ၊ အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက် ၁၈ နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။
ထိုသို့ ပြည်သူလူထုများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံထားခြင်း၊ ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံထားခြင်းတို့ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်ပွားပါက ပြင်းထန်မှုနှင့်သေဆုံးမှုတို့ကို လျှော့ချနိုင်ခြင်း၊ မျိုးကွဲသစ်များ ပေါ်ပေါက်လာသော်လည်း ကာကွယ်ဆေးထိုးနှံထားပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် လွှမ်းခြုံမှု (Coverage) ကောင်းမွန်ပါက ပြည်သူလူထုအကြား ရောဂါကာကွယ်နိုင်မှု မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကပ်ရောဂါ အသွင်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါ သည်။