Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားဧကများ ရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားဧကများ ရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

သီးနှံအထွက်နှုန်းများတိုးတက်ရေး

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိရေး၊ အဆင့်မြင့်လယ်ယာများ ဖော်ဆောင်နိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများ၊ ကုန်ထုတ်ကဏ္ဍတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် စပါးများ ဝယ်ယူကြိတ်ခွဲနိုင်စေရေး Contract Farming စနစ်ဖြင့် တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နွေစပါးစိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေးလျာထားချက်များ၊ နွေစပါးစိုက်ဧကလျာထားချက်များအား ရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်