Skip to main content

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(နေပြည်တော်)သို့ အာဟာရနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်)တို့တွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူများနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ဓာတ်ခွဲသင်တန်း တက်ရောက်လျက်ရှိသော ချင်းတိုင်းရင်းသား တိုင်းရင်းသူများထံ နေပြည်တော်ကောင်စီက အာဟာရနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သားဖွားသင်တန်း ကျောင်း(နေပြည်တော်)ရှိ ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များနှင့် တာဝန်ရှိသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များနှင့် သင်ကြားရေးဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သင်တန်းသား သင်တန်းသူများအား အာဟာရနှင့်ထောက်ပံ့ငွေများ ပံ့ပိုးပေးရသည့်အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားသင်တန်းသူ ၄၂၆ ဦးအတွက် ဆန်၊ ဆီ၊ ကြက်ဥ အာဟာရများကိုလည်းကောင်း၊ နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ဓာတ်ခွဲသင်တန်းတက်ရောက်နေသော ချင်းတိုင်းရင်းသား တိုင်းရင်း သူ ၃၁ ဦးတို့အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းသား သင်တန်းသူများက လက်ခံရယူကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ကျန်းမာရေးဝန်ကြီးဌာန၏ ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းလင်းက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်