Skip to main content

အောင်မြေသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့၊ ကျောက်ဆည်မြို့၊ မိတ္ထီလာမြို့နှင့် မကွေးမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

 ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် လူငယ်အားကစားကွင်း၌လည်းကောင်း၊  ပြင်ဦးလွင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌လည်းကောင်း၊ ကျောက်ဆည်မြို့ရှိ ရွှေစေတီဘုရားဝန်းအတွင်း၌လည်းကောင်း၊ မိတ္ထီလာမြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကံသာကန်ဘောင်၌လည်းကောင်း အသီးသီးပြုလုပ်ကြသည်။

ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက်ထောက်ခံကြသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကိုပြည်တွင်း/ ပြည်ပအန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောကာ ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။