Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းစာမေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာဖြေဌာနများတွင် မကြာမီဖြေဆိုကြရတော့မည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့် စာမေးပွဲများကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ နိုင်ငံတော်က ပညာရေးကဏ္ဍများ တိုးတက်အောင် အစဉ်အမြဲအလေးထားဆောင်ရွက်ပေးနေပါကြောင်း၊ မကြာမီတွင် အခြေခံပညာအဆင့်စာမေးပွဲများကို စတင်ကျင်းပတော့မည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာစာစစ်ဌာနများ၌ စာမေးပွဲများကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရာနှုန်းပြည့် ဖြေဆိုနိုင်ရေးအတွက် ခရိုင်/ မြို့နယ်အလိုက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မိဘများ ပေါင်းစပ်၍ အင်ပြည့်အားပြည့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တိုင်းဒေသကြီးအတွင်း အချို့သောနေရာဒေသများရှိ ကျောင်းသား၊ ကျောင်းသူများအပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နယ်မြေလုံခြုံရေးအခြေအနေများအရ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်နှစ်ဆုံးရှုံးနစ်နာမှုမဖြစ်ပေါ်စေရန် သက်ဆိုင်ရာစာဖြေဌာနများတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံခန့်ခွဲမှုကောင်းမွန်စွာဖြင့် အလေးထားကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးသတိလုံခြုံရေးအသိ အစဉ်အမြဲရှိနေရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးပညာရေးမှူးက အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်စာမေးပွဲများအတွက် မေးခွန်းများပြင်ဆင်ထားရှိမှု၊ စာစစ်ဌာနများသတ်မှတ်ထားရှိမှု၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား လက်ခံဆောင်ရွက်ပေးနေမှုနှင့် မပျက်မကွက်ဖြေဆိုနိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်