Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် စုစံစက်သုံးဆီအရောင်းဆိုင်အနီး၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၀၈၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၂၉၁၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၀ ရက်က ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ကျိုက်ထိုမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးတို့ ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ensure Gold Vanilla ဘူး ၂၄၀၊ Dry White Fungus အထုပ် ၃၀၊ ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၅၀၀ အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၂၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sun-long Bus တစ်စီးနှင့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဝေါဘူတာလမ်းဆုံအနီး၌ သာမညမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့် ရွက်ဖျန်းမြေဩဇာ အရည်ဘူး ၁၆၂၀၊ Miaow Cra-ckers အထုပ် ၁၅၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၁၈၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် HOWO Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၄၉ တန်၊ အခြားသစ် ၃ ဒသမ ၀၄၇ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၀၉၆၃၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင် နှင့် နတ်တလင်းခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၅၉၆ တန်၊ သစ်မာ ၄ ဒသမ ၇၅၆ တန်၊ အခြားသစ် ၃ ဒသမ ၀၄၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၈၅၁၉၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်၂၃၂၆၀၄၈၂၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၂၂၁၇၇၄၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်