စစ်တွေ ဖေဖော်ဝါရီ ၁၂
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဖတ်ကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ဒေါ်နုမြဇံတို့ က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက် (၂၅) နှစ်အောက် စစ်တုရင်ပြိုင်ပွဲနှင့် အသက် (၂၅) နှစ်အထက် စစ်တုရင်ပြိုင်ပွဲတို့တွင် ဆုရရှိသော အားကစားသမားများကိုလည်းကောင်း၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကိုလည်ကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်တွေမြို့ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာ တော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဦးရဲကျော်သူ ကျောင်းတိုက်နှင့် သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို လျှောက်ထားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ရှေးဟောင်းသမိုင်းဝင် စကြမုနိဘုရားတို့ကို သွားရောက်ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအတိုင်း နေထိုင်ကြစေလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ဖြင့် ထမ်းဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများ၊ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်သည် အဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လက်ရှိစစ်တွေမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေ၊ ဝန်ထမ်းများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကို မိမိတို့အနေဖြင့် သိရှိသင့်သလောက်သိရှိပြီး ဖြစ် ကြောင်း၊ အဖြေတစ်ခုကို ရရှိအောင် နည်းလမ်းရှာဖွေရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြဿနာ၏ အခြေအနေများကို ဖြေရှင်းနိုင်သည့်အခြေအနေတစ်ခုကို ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့လုပ်ငန်းတာဝန်များ၊ ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများက လက်နက်ကိုင်ပဋိပက္ခများကြောင့် တွေ့ကြုံရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက နိဂုံးချုပ် အမှာစကားပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော တက္ကသိုလ်ပင်မဆောင်နှင့် ဘွဲ့နှင်းသဘင်ဆောင် ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေး၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ အခြေအနေ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများက တက္ကသိုလ်အတွင်း ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုနှင့် အဝေးသင်ကျောင်းသား ကျောင်းသူများ တက်ရောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်