Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်း သစ် ၂၇ ဒသမ ၁၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၂၉၆၅၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ပဲခူးမြို့ နာရီစင်ပန်းခြံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Dexin Calculator ၃၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan AD Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၂၉၄၆၅၂ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့် MNZ Money Counter အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် စက်မှုဇုန်ထုတ်I Zone Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်၌ တရားမဝင်အခြားသစ် ၆ ဒသမ ၈၁၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၆၉၆၆)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄၇၆၉၆၆)ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၉ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Gladiator Injector Cleaner ဘူး ၄၈၀၊ T-115 လျှပ်စစ်မီးသီးအလုံး ၇၅၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁၄၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တမူးမြို့ စော်ဘွားရပ်ကွက်အနီး၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၁၃၂၈ တန်နှင့် အခြားသစ်သုည ဒသမ ၉၀၇ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၃၇၅၈ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၇၉၅၃၇၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်