နေပြည်တော် ဖေဖော်ဝါရီ ၁၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် Quick Win ဖြစ်စေမည့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မြေတောင်မြှောက် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး သိပ္ပံလက်တွေ့ခန်းများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သင်ခန်းစာများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် မြို့ပြအင်ဂျင်နီယာဌာန အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ) သို့ ရောက်ရှိကာ သင်တန်းအလိုက် ကွန်ပျူတာခန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ တန်ဖိုးရှိသောအချိန်ကို အကျိုးရှိအောင် အသုံးချကြရန် မှာကြားသည်။
မှာကြား
ထို့နောက် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို တင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည့် IT နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ ပျိုးထောင်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တိုးတက်မှုနှုန်း မြန်ဆန်နေသော IT ခေတ် တွင် နောက်ကျမကျန်ရစ်အောင် နောက်ဆုံးပေါ် IT သုတေသနများကို ဆက်စပ်တက္ကသိုလ်များနှင့် ထိရောက်ပီပြင်စွာ ပူးပေါင်းဆောင်ရွက်ပြီး ရရှိသောရလဒ်များကို တိုင်းကျိုးပြည်ပြုစီမံကိန်းများအတွက် လက်တွေ့ကျကျအသုံးချနိုင်အောင် အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် မကြာမီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲဝင် ကျောင်းသားများက ပြိုင်ပွဲနှင့် လေ့လာရေးအတွေ့အကြုံများကို တင်ပြကြပြီး ဒုတိယဝန်ကြီးက ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) သို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့၌ အေးချမ်းပျော်ရွှင်စွာ လေ့လာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ဗလငါးတန်နှင့် ပြည့်စုံသော ဒေသအကျိုးပြု သက်မွေးပညာရှင်များ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာအချက်အလက်များကို တင်ပြရာ ဒုတိယဝန်ကြီးက ဒေသတွင်းဖွံ့ဖြိုးရေးလိုအပ်ချက်နှင့်ကိုက်ညီပြီး လူငယ်များ ဘဝရပ်တည်ချက်ခိုင်မာစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ မြန်ဆန်စွာဖော်ဆောင်ပေးနိုင်သည့်သင်တန်းများကို စံနှုန်းများနှင့်အညီ ဖွင့်လှစ်ရန်နှင့် လိုအပ်သည်များ မှာကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်